ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းကို  ယာယီပိတ်ထားကြောင်း KNDF အရေးပေါ်သတိပေး

By ဂျူချန်း (မဇ္ဈိမ)
02 August 2023
ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းကို  ယာယီပိတ်ထားကြောင်း KNDF အရေးပေါ်သတိပေး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့ကြားတွင် ယနေ့ ဩဂုတ်လ ၂ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားနေသဖြင့် ထိုလမ်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း KNDF ဗဟိုမှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၂ရက်နေ့ နံနက်ပိုင်းတွင် ဖရူဆိုမြို့သို့ဦးတည်ကာ စစ်ကြောင်းထိုးလာပြီး ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်ရှိ ဒေါညင်းခူကျေးရွာနှင့် ထီးပေါ့ဆိုကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်နီပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းစစ်ကြောင်းသည် ဖရူဆိုမြို့သို့ ဆက်လက်ထွက်ခွာမည်ဟု သတင်းရရှိထားကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂)၊ တပ်ရင်းအမှတ်(၁၀၀၆) ပြန်ကြားရေးတာဝန်ခံ ကိုပီတာက မဇ္ဈိမ ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောခဲ့သည်။ 

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဗိုလ်ကြီးကျော်ကျော်နိုင်အပါအဝင် စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF မှ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုစစ်ကြောင်းသည် လွိုင်ကော်မြို့၌ အင်အားဖြည့်တင်းကာ ဖရူဆိုမြို့သို့ ဆက်လက်ထွက်ခွာလာပြီး လက်ရှိတွင် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့ကြား၌ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly