မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် 

By YT  ( မဇ္ဈိမ)
02 August 2023
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် 
ဓါတ်ပုံ- ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့တွင် ရေကြီးရေလျှံမှု အခြေအနေများ

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများနှင့် အကူအညီပေးနေသူများထံက သိရသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစတင်၍ မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းခဲ့ကာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ဘီးလင်းမြို့နယ်၊ မြို့ပေါ်ရှိ ရပ်ကွက် (၈)၊ ပိုတေဇရပ်ကွက်တို့၌ လမ်းမပေါ်များအထိ ရေလျှံနေပြီး ဘီးလင်းမြို့နယ်အတွင်းရှိ ကျားကွင်းကျေးရွာ၊ အလူးလေးကျေးရွာ အရှေ့ပိုင်းနှင့် အလယ်ပိုင်း၊ ဘကျဲကျေးရွာ၊ ဝက်သိုးပွကျေးရွာ၊ နို့ကဲကျေးရွာ၊ ဟတ်ကြီးကျေးရွာ၊ ဟလိမ်ကျေးရွာ၊ ခေါ်ထီးခကျေးရွာ၊ ဘဲလင်းနို့ကျေးရွာ၊ ထော်ဖိုးထကျေးရွာ၊ ပယ်ဝတ္ထကျေးရွာတို့​၏ လမ်းများတွင်လည်း ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

" တစ်ရွာနဲ့တစ်ရွာ ကူးသန်းသွားလာလို့မရဘူး မိုးကြီးပြီး ရေလျှံနေတာ။ ရေကြီးတော့ လယ်ကွင်းတော့ မြုပ်သွားပြီ စပါးတွေပျက်စီးကုန်ပြီ။ မနက်ဖြန် သန်ဘက်ခါ မိုးမရွာရင်တော့ ရေပြန်ကျမှာပါ။ အလူးလေးကတော့ တော်တော်ထူးထူးဆန်းဆန်း တစ်ခါမှ ရေမတင်ဖူးတဲ့ ရွာတောင် ရေမြုပ်နေတယ် " ဟု ဘီးလင်းမြို့နယ်၊ ဘကျဲကျေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ထို့အတူ ကျိုက်ထိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်ချမ်းသာရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက် တိုးချဲ့၊ ငပိစစ်ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက် တိုးချဲ့ကွက်သစ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ငယ်ဒိုးကျေးရွာတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လမ်းပေါ်များအထိ ရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဒေသခံအချို့အား စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် ရွှေ့ပြောင်းထားစေ၍ စားနပ်ရိက္ခာများ အကူအညီပေးနေကြကြောင်း သိရသည်။ 

" အောင်ချမ်းသာ၊ အောင်မင်္ဂလာ၊ အေးရိပ်ငြိမ်၊ ငပိစစ်၊ ဇေယျာမွန်ပေါ့။ နေရာရွှေ့ထားရတာက ဇေယျာမွန် ကွက်သစ်ဘက်က သူတွေကိုပေါ့ စာသင်ကျောင်းကို ရွှေ့ထားတယ်၊ လူဦးရေ ၂၀၀ ကျော်လောက်ရှိပါတယ်။ အခုတော့ နိုင်တဲ့သူတွေကနေ ရေ၊ အစားအသောက်တွေ အကူအညီပေးထားပါတယ်။ လိုအပ်တာတွေလည်း လိုက်ကူညီပေးနေပါတယ်" ဟု ကျိုက်ထိုမြို့နယ်မှ ရေဘေးသင့်ပြည်သူများအား ကူညီနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ထို့အတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ လှိုင်းဘွဲ့မြို့နယ်၊ မြို့ပေါ် လမ်းမကြီးတစ်လျှောက်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။ 

" လှိုင်းဘွဲ့က မိုးတအားရွာရင် ရေကြီးတယ်။ ခါတိုင်းနှစ်ဆိုလည်း ဒီလိုပဲ မြုပ်တာ အကြာကြီးပဲ။ မြို့ပေါ် မနက်ဈေးနေရာရော ဘေးပတ်ပတ်လည်တွေရော ရေတွေချည်းပဲ။ အစိုးရရုံးနေရာတွေရဲ့ အရှေ့မှာလည်း အခု ရေတွေချည်းပဲ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ အဆိုပါ ဒေသများတွင် ရေကြီးရေလျှံမှုများအပြင် လေပြင်းတိုက်ခတ်မှုတို့ကြောင့် သစ်ပင်ကျိုးကျမှုများလည်း ရှိကြောင်း သိရသည်။ 

ယနေ့ ဩဂုတ်လ ၂ ရက်နေ့၌လည်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးဆက်လက် ရွာသွန်းနေဆဲဖြစ်ပြီး လေတိုက်ခတ်မှုများလည်း ရှိနေဆဲဖြစ်ကြောင်း ဒေသခံများ​၏ ပြောဆိုချက်အရ သိရသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် မြင့်တက်နေပြီး ဩဂုတ်လ ၃ ရက်နေ့တွင် တစ်ပေအထိ မြင့်တက်နိုင်ကြောင်းနှင့် ဘီးလင်းမြို့နယ် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီး နေထိုင်သူများ သတိပြုနေထိုင်ရန် အသိပေးထုတ်ပြန်ထားသည်။ 

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် လာမည့် ဩဂုတ်လ ၃ ရက်နေ့အထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန​၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly