မေတ္တာဖြန်းမှ လန်းဆန်းမယ်သာယုံ

မေတ္တာဖြန်းမှ လန်းဆန်းမယ်သာယုံ

ဧပြီ(၁)ရက်နေကစလို့ဖြင့် အစိုးရသစ်ရဲ့ အုပ်ချုပ်မှုအောက်ကို မောင်မှန်တို့ ပြည်သူတွေ စတင်ရောက်ရှိခဲ့ပါပြီ။ နိုင်ငံအနှံ့ စတုဒီသာကျွေးပွဲတွေ ကျင်းပပြီး အစိုးရသစ်ကို ကြိုဆိုတဲ့ပွဲတွေလည်း မြင်ရရဲ့။ ဆိုက်ကားတွေနဲ့ စီတန်းလှည့်လည်တာတွေလည်း တွေ့ရရဲ့။ ပြည်သူတွေရဲ့ မျှော်လင့်ချက်က အစိုးရသစ်အပေါ် အတော်ကြီးပါတယ်။ မျှော်လင့်တဲ့အတိုင်း ဖြစ်လာပါစေလို့လည်း ဆုတောင်းကြရမှာပေါ့။ အကန့်အသတ်များစွာနဲ့ လုပ်ဆောင်ရမယ့် အစိုးရသစ်ဟာ ပြည်သူ့မေတ္တာနဲ့မှ တကယ့်အပြောင်းအလဲကို တကယ်ဖော်ဆောင်နိုင်မှာ မဟုတ်ပါလားဗျာ။

အာဏာလွှဲပြီးနောက်မှာ ဘယ်လိုကန့်သတ်စိန်ခေါ်မှုတွေ လာဦးမယ် မသိဘူး။ (လာတော့ လာမှာ၊ သေချာတယ်) လွှဲခါနီးဆဲဆဲမှာတင် လုပ်ချလိုက်တာတွေက မနည်းဘူး။ ဝန်ကြီးအိမ်ရာတွေ ကိစ္စဆို အတော် ရုပ်ပျက်ဆင်းပျက် နိုင်တာပဲ။ လေအေးပေးစက်တစ်လုံးလောက်ပဲ ချန်ထားပြီး မီးချောင်း၊ မီးပလပ်ပါမကျန်အောင် ဖြုတ်ထုတ် ဆုတ်ခွာသွားကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဂျပန်တွေရဲ့ မြေလှန်ဆုတ်ခွာစနစ်တို့၊ အင်္ဂလိပ်တို့ရဲ့ အောင်မြင်စွာ ဆုတ်ခွာခြင်း စတာတွေကို ပြန်ပြောင်း အောက်မေ့ဖွယ်ပေါ့ခင်ဗျာ။

သမ္မတသစ် အာဏာလွှဲပြောင်းပွဲ ညစာစားပွဲကိစ္စကလည်း တစ်မျိုးခင်ဗျ။ အစိုးရဟောင်းကပဲ ဦးစီးကျင်းပမလိုလို၊ ဘာလိုလို သတင်းထွက်လိုက်သေးတယ်။ ဖိတ်ကြားရေးကိစ္စမှာလည်း ပြဿနာတွေ ရှိခဲ့ပုံရတယ်။ ဘယ်သူ့မဖိတ်ဘူး၊ ဘယ်သူ့ဖိတ်မယ် စသဖြင့်ပေါ့။ Daily Eleven သတင်းထဲ ဖတ်ရတဲ့ သတင်းတစ်ပုဒ်အဆိုအရ ညစာစားပွဲ ဘတ်ဂျက်မရှိလို့ အစိုးရသစ် အသုံးစရိတ်ထဲက ကြိုသုံးရမှာတဲ့။ ပိုက်ဆံမရှိလို့ မီးရှုးမီးပန်းတောင် မဖောက်နိုင်ဘူးဖြစ်နေလို့ တပ်မတော်နေ့မှာသုံးဖို့ လျာထားတဲ့အထဲက တပ်က မျှပေးလို့ တစ်လုံးတော့ ဖောက်မယ်တဲ့။ (ဟုတ်၊ မဟုတ်တော့ သေချာအတည်မပြုနိုင်ပါဘူး။ ချက်ချင်းကြီးတော့လည်း မဆင်းရဲသွားလောက်ပါဘူး နော်။) လက်တွေ့မှာတော့ ညစာစားပွဲကို NLDကပဲ ဦးစီးကျင်းပပြီး ချောချောမွေ့မွေ့ပဲ ပြီးစီးသွားခဲ့ပါတယ်။ (စိတ်မကောင်းစရာ တစ်ခုကတော့ အဲ့ဒီညစာစားပွဲမှာ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ SNLD ကို ဖိတ်ကြားခြင်း မပြုခဲ့တာပါ)

ဖိတ်တဲ့၊ မဖိတ်တဲ့ကိစ္စတွေက အခုတလောမှာ အတော်များတယ်ခင်ဗျ။ မတ်လ(၂၇)ရက်နေ့က ကျင်းပတဲ့ တပ်မတော်နေ့ (တော်လှန်ရေးနေ့) အခမ်းအနားကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ မောင်မှန်တို့ ပြည်သူတွေအဖို့တော့ သို့လော၊ သို့လော ပေါ့ခင်ဗျာ။ ၅၉(စ)ပြင်ခွင့်မရတာနဲ့များ ဆက်စပ်နေမလား။ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် လေးနေရာကိစ္စ မပြေလည်တာရဲ့ နောက်ဆက်တွဲလား၊ ဘာလား၊ ညာလားပေါ့လေ။ ပြည်သူတွေ ဒီလို တွေးထင်နေမယ်ဆိုတာကိုလည်း NLD ခေါင်းဆောင်ပိုင်းက ရိပ်မိတယ်ခင်ဗျ။ (ပြည်သူတွေ ဘာတွေ စဉ်းစားနေတယ်၊ သိချင်နေတယ်ဆိုတာကို တကယ်သိတဲ့ အစိုးရဆိုတာ ပြည်သူ့အစိုးရ စစ်စစ်ပဲ) NLD စပီကာ ဦးဝင်းထိန်က တပ်မတော်နေ့(တော်လှန်ရေးနေ့)အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် မတက်တာ မဖိတ်လို့ မတက်တာပါ။ ဖိတ်ရင်တက်မှာပါတဲ့။ အတွေးနယ်မချဲ့ ကြပါနဲ့တဲ့။ တွေ့လား။ တစ်ခုခုဆိုရင် တောင်တွေး၊ မြောက်တွေး ကိုယ်လိုရာ ဆွဲတွေးတတ်တဲ့ မောင်မှန်တို့လို ကောင်တွေကို ပညာပေးသွားတာ၊ ကွက်တိပဲ။ ဒီအတွက် မောင်မှန်တစ်ယောက် အတွေးနယ်မချဲ့ဘဲ အတွေးလွတ်လပ်ရေး ပေးလိုက်ရပါတော့တယ်။

အဲ့ဒီ တပ်မတော်နေ့(တော်လှန်ရေးနေ့) အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းထဲက တချို့ကို ကောက်နုတ် တင်ပြကြည့် ချင်ပါတယ်။ "မိမိတို့နိုင်ငံတွင်လည်း တပ်မတော်အစိုးရ တာဝန်ယူသည့် ၁၉၈၈ မှစ၍ ပြည်သူလူထု လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်ရာတွင် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် ချမှတ်၍ စနစ်တကျ တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း"

"တပ်မတော်၏ အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်မှုသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် အကောင်အထည်ဖော်ရန်အတွက်သာ ဖြစ်ကြောင်း၊ အမျိုးသား နိုင်ငံရေးဆိုသည်မှာ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသား ပြည်သူလူထုအရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေး မဟုတ်ကြောင်း"

"အခြေခံဥပဒေအရ အပ်နှင်းထားသည့် တပ်မတော်၏ အမျိုးသား နိုင်ငံရေးတာဝန်များကို လေ့လာကြည့်မည်ဆိုလျှင် မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် အကောင်အထည် ဖော်ရန်အတွက်သာ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း"

စသည်ဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။ မောင်မှန်အနေနဲ့ အထူးပြောစရာ မရှိပါဘူး။ ရိုးရိုးပြောစရာလည်း မရှိပါဘူး။ (အဟဲ၊ ပြောလည်း မပြောရဲပါဘူး)တစ်ခုပါပဲ။ ဒီစကားမျိုးတွေကို ၁၉၈၈ ကတည်းက စကြားလာရတာ၊ အခုလည်း ကြားရမြဲ၊ နောင်ကိုလည်း ကြားရဆဲ ကြားရလတ္တံ့ ဖြစ်နေလိမ့်ဦးမယ်လို့ ဆင်ခြင်တွေးတော မိသွားတာပါခင်ဗျာ၊ ထားပါတော့။

NLD အစိုးရ အာဏာရလာပြီးတဲ့အခါ အတွင်းပိုင်းမှာ ရင်ဆိုင်စရာတစ်ခု ရှိပါသေးတယ်။ အဲဒါက အမြဲတမ်းအတွင်းဝန် ကိစ္စပါ။ အစိုးရဝန်ကြီးဌာနများမှာ အမြဲတမ်းအတွင်းဝန် ထားရှိရေးအဆိုကို ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်တွင်းမှာ (မနှစ်က ထင်တယ်) တင်သွင်းခဲ့ပါတယ်။ ကန့်ကွက်နေတဲ့ ကြားကပဲ ဒီအဆိုဟာ တည်တံ့သွားခဲ့ပါတယ်။ ခန့်လိုက်တဲ့ အတွင်းဝန်တွေကလည်း ရှင်းပါတယ်။ ပြည်ခိုင်ဖြိုးက ခန့်တာ ပြည်ခိုင်ဖြိုးအတွင်းဝန်ပေါ့။ NLD အစိုးရ ဖြစ်လာတဲ့အခါ အဲ့ဒီပုဂ္ဂိုလ်တွေဟာ အစိုးရကို အကူအညီပေးမှာလား၊ အနှောင့်အယှက်ပေးမှာလား၊ စဉ်းစားရင် ဟင်းစားထဲပါဦးမယ်။ ပြေးကြည့်ဖို့မလိုဘဲ တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ်ခင်ဗျာ။ အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး နိုင်ငံရေး စာရေးဆရာ သန်းဝင်းလှိုင်က "အရင်အစိုးရရဲ့လူတွေဖြစ်တဲ့အတွက် အရင်အစိုးရအပေါ်မှာ သစ္စာရှိမှာ သေချာတယ်။ NLD အစိုးရအပေါ် သစ္စာရှိဖို့ ရာခိုင်နှုန်း နည်းတယ်။ အကောင်းဆုံးကတော့ အမြဲတမ်း အတွင်းဝန်တွေကို NLD ကလူတွေနဲ့ အစားထိုးလိုက်တာပဲ။ ဒီလိုမှ မဟုတ်ရင်တော့ NLD အစိုးရရဲ့ ရှေ့လုပ်မယ့် လုပ်ငန်းတွေမှာ အနှောင့်အယှက်တွေ ဖြစ်လာနိုင်တယ်"လို့ ပြောခဲ့တာ News Watch ဂျာနယ်မှာ ဖတ်ရပါတယ်။ ဆရာသန်းဝင်းလှိုင်ရဲ့ အဆိုပြုချက်ဟာ ပြည့်စုံကောင်းမွန်တယ်လို့ မောင်မှန် ထင်ပါတယ်။ လုပ်နိုင်၊ မလုပ်နိုင်ကတော့ တစ်ကိစ္စပေါ့လေ။

NLD အစိုးရ ရင်ဆိုင်ရမယ့် အကန့်အသတ်၊ အခက်အခဲ၊ စိန်ခေါ်မှုတွေကို မောင်မှန် တွေးမိသလောက် တင်ပြကြည့်တာပါ။ မောင်မှန် အထက်မှာဆိုခဲ့သလို အစိုးရသစ်ဟာ ပြည်သူ့မေတ္တာဖျန်းမှ လန်းဆန်းနိုင်မှာ အသေအချာဖြစ်ကြောင်း ထပ်လောင်းပြောဆိုလိုက်ရပါတယ် ခင်ဗျာ။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly