စစ်မှန်သည့် အမျိုးသားရေး စိတ်ဓာတ်ဖြင့် ခြံစည်းရိုး လုံအောင်ကာကြ

စစ်မှန်သည့် အမျိုးသားရေး စိတ်ဓာတ်ဖြင့် ခြံစည်းရိုး လုံအောင်ကာကြ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရေထွက်ဦးပန်းခြံအတွင်းမှာ နှစ်ထပ်ဈေး တည်ဆောက်နေခြင်းကို ဒေသခံများက သဘောမတူ ကန့်ကွက်ကြောင်း ဝိုင်းဝန်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံ တိုင်ကြားထားကြကြောင်း သတင်းကို ပုဂ္ဂလိက ဂျာနယ်တစ်စောင်တွင် ဖတ်ရပါသည်။

သည်လို နှစ်ထပ်ဈေး ဆောက်လုပ်ခွင့်ကို တရုတ်လူမျိုးတစ်ဦးဖြစ်သူအား လုပ်ပိုင်ခွင့် ချထားပေးခြင်းဖြစ်ပြီး ဆောက်လုပ်ရေး အလုပ်သမားများမှာလည်း တရုတ်နိုင်ငံသား အလုပ်သမားများ ဟုလည်း ထိုသတင်းက ဆိုပါသည်။ ယခင်ဈေးဟောင်းနေရာ ရှိနေသည့်ကြားက ယခုအခါ လူအများ အပန်းဖြေ နားရာနေရာဖြစ်သည့် ပန်းခြံအား နှစ်ထပ်ဈေး ဆောက်လုပ်နေခြင်း ဖြစ်သည့်အတွက် ဒေသခံများက ကန့်ကွက်နေကြခြင်းဖြစ်သည်လို့လည်း သိရသည်။

သည်သတင်းကို ဖတ်ရှုရသည့်အခါ လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်လောက်က ထွက်ရှိခဲ့သည့် ဝတ္ထုတိုပေါင်းချုပ် စာအုပ်တစ်အုပ်ကို သွားပြီး သတိရမိသည်။ ယင်းဝတ္ထုတိုပေါင်းချုပ် စာအုပ်၏အမည်မှာ ဝသုန္ဒြေလက်ရေးဟူ၍ ဖြစ်သည်။ အထက်ဗမာပြည် အထူးသဖြင့် မန္တလေး အခြေစိုက် စာရေးဆရာများ စုပေါင်းထုတ်ဝေသော ဝတ္ထုတိုပေါင်းချုပ် စာအုပ်ဖြစ်သည်။

ယင်းဝတ္ထုတိုစာအုပ်တွင် ပါရှိသည့် ဝတ္ထုတိုအများစုမှာ မြန်မာတို့၏ ရှေးဟောင်းမြို့တော်လည်းဖြစ်၊ ဒုတိယမြို့တော်လည်းဖြစ်သည့် မန္တလေးမြို့ကို ပြည်ပ တရုတ်နိုင်ငံသား စီးပွားရေးသမားများ တစတစ ထိုးဖောက်ဝင်ရောက် အခြေချနေထိုင်လာခြင်း၊ စီးပွားရေးလုပ်ငန်းများ လက်ဝါးကြီးအုပ် လုပ်ကိုင်လာခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုမြို့တော် မန္တလေးတွင် တိုင်းတပါး ယဉ်ကျေးမှုများ စိမ့်ဝင် လွှမ်းမိုးလာနေခြင်းကို ထင်ဟပ်ရေးသားသည့် ဝတ္ထုများ ဖြစ်သည်။ မိမိတို့ ထင်မြင်ယူဆချက် မမှားဘူးဆိုလျင် ယင်းဝတ္ထုတိုများမှာ မြန်မာပြည်အတွင်း တိုင်းတပါး တရုတ်လူမ်ျိုးမှာ စိမ့်ဝင်ထိုးဖောက် စီးပွားရေးလက်ဝါးကြီးအုပ် ချယ်လှယ်လုပ်ကိုင်လာနေခြင်းကို အသိရှိရှိ ဆန့်ကျင်ရှုတ်ချသည့် အစောဆုံးသော စာပေလှုပ်ရှားမှု တစ်ခုဖြစ်သည်ဟု ယူဆရပါသည်။

နောင် နှစ်ပေါင်း သုံးဆယ်ကျော်သော အခါတွင်မူ မြန်မာ့မြေပေါ် မြေအောက် သယံဇာတ အရင်းအမြစ်များအပေါ် တိုင်းတပါး တရုတ်လူမျိုးများ အလုံးအရင်းဖြင့် ဝင်ရောက်လုပ်ပိုင်ခွင့် ရလာခဲ့ကြ သည့်အဖြစ်ကို မြန်မာသိ ကမ္ဘာသိ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သစ်ခုတ်လှဲသယ်ယူခြင်း၊ ဓာတ်သတ္ထုတူးဖော်ခြင်း၊ သဘာဝဓာတ်ငွေ့ ဝယ်ယူသယ်ဆောင်ခြင်း အရှိသော ကြီးမားလှသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများကို တရုတ်တို့က ဦးဆောင်လုပ်ကိုင်ခွင့် ရလာခဲ့တော့သည်။

ယခုအခါ ပြည်သူတို့သည် တရုတ်တို့၏ စီးပွားရေး နယ်ချဲ့ထွင်မှုကြောင့် ဖြစ်ပေါ်လာသည့် အမျိုးသား သယံဇာတပစ္စည်းများ စည်းကမ်းမဲ့ ကုန်ခမ်းလာနေမှု၊ ဒေသခံများကို အဓမ္မဖယ်ရှား ဖိအားပေးမှုနှင့် တရားမမျှတသည့် စာချုပ်စာတမ်းများ အပေါ်မူတည်ကာ မကျေနပ်မှုများ၊ ဆန့်ကျင်ဆန္ဒ ထုတ်ဖေါ်မှုများ ဆက်တိုက်လိုလို ဖြစ်ပွားလျက်ရှိသည်။

သည်လို ဖြစ်လာသည့်အခါ အမြင့်ဆုံး အသက်ဆုံးရှုံးရသည်မှအစ တရားတဘောင်စွဲဆို ရင်ဆိုင်ရသည်အထိ ဒေသခံပြည်သူများ ခံစားလာကြရပါသည်။ အမှန်စင်စစ် အမျိုးသား အကျိုးစီးပွားသော်လည်းကောင်း၊ အမျိုးသား ယဉ်ကျေးမှုသော်လည်းကောင်း၊ အမျိုးသား လုံခြုံရေးသော်လည်းကောင်း ကျိုးပေါက်ချိနဲ့သလို ဖြစ်လာခြင်းမှာ စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ် အားနည်းမှုအပေါ် မူတည်ပြီးမှ ဖြစ်ပေါ်လာသော ပြဿနာများသာ ဖြစ်ပါသည်။ တိုင်းပြည်စည်းလုံးညီညွတ်မှု ကင်းမဲ့နေချိန်၊ တိုင်းပြည် တရားဥပေဒစိုးမိုးမှု ချိနဲ့နေချိန်၊ မမှန်ကန်သည့် အမျိုးသားရေးစိတ်ဓာတ်များ ခေါင်ထောင်မင်းမူနေသည့် အချိန်မျိုးတွင် ယင်းကဲ့သို့သော အမျိုးသားယဉ်ကျေးမှု ကျိုးပေါက်မှုနှင့် အမျိုးသားစီးပွားရေး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာစမြဲပင် ဖြစ်သည်။

ဘယ်သူမပြု မိမိမှုဆိုသည့် စကားအတိုင်း ကိုယ့်ဘက်က အမျိုးသားရေး အကာအရံ ချိနဲ့ အားနည်းသည့်အခါ တိုင်းတပါးက အလွယ်တကူ ထိုးဖောက်ဝင်ရောက် ချယ်လှယ်မှု ခံကြရမည်သာ ဖြစ်သည်။ မိမိတို့ိုတိုင်းပြည် အထူးသဖြင့် တိုင်းပြည်အုပ်ချုပ် တာဝန်ရှိသူများကအစ မိမိတို့ပြည်သူတွေ အားလုံး မှန်ကန်ပြီး ညီညွတ်စည်းလုံးသည့် အမျိုးသားရေးစိတ်ဓာတ် တင်းပြည့်ကျပ်ပြည့် ရှိနေပါက မည်သည့် တိုင်းတပါးမျှ ယခုလို ထိုးဖောက်ဝင်ရောက် ချယ်လှယ်လာနိုင်စရာ အကြောင်းမရှိချေ။ မိမိတို့တိုင်းပြည်၏ အမျိုးသားရေး အခြေအနေကို စစ်မှန်သည့် အမျိုးသားရေးစိတ်ဓာတ်ဖြင့်သာ လုံခြုံအောင် ကာနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဧရာဝတီမြစ်ဆုံ ရေလှောင်ဆည် စီမံကိန်းကြီးမျိုး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိစ္စမျိုး၊ မြေအောက်သယံဇာတ အဖိုးတန် ကျောက်မျက်ရတနာများ တရားလက်လွတ် ဆုံးရှုံးနေမှုမျိုး၊ သစ်တောများ နေ့ချင်းညချင်း ခုတ်လှဲသယ်ယူခံနေရခြင်းမျိုးကအစ အထက်က အစတည်ခဲ့သည့် ကွတ်ခိုင်မြို့ နှစ်ထပ်ဈေး တည်ဆောက်မှု ပြဿနာမျိုးအထိ မိမိတို့ပြည်သူများ ရင်ဆိုင်နေရသည့် ပြဿနာများမှာ အမျိုးသားရေး ပြဿနာအသွင် ဆောင်ခဲ့ပြီဖြစ်သည့်အတွက် တိုင်းပြည် တာဝန်ရှိသူများအနေဖြင့် အထူးအလေးပေး ဦးဆောင်ဖြေရှင်း ဆောင်ရွက်ကြဖို့ရန် အဓိက တာဝန်ရှိကြောင်း မဇ္ဈိမက တိုက်တွန်းလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly