ပဲခူးတိုင်းအတွင်းရှိ အကျဉ်းထောင် ၅ ခုမှ နိုင်ငံရေးအကျဉ်းသား ၄၀ ခန့် လွတ်မြောက်

By ရွှေနွယ် (မဇ္ဈိမ)
02 August 2023
ပဲခူးတိုင်းအတွင်းရှိ အကျဉ်းထောင် ၅ ခုမှ နိုင်ငံရေးအကျဉ်းသား ၄၀ ခန့် လွတ်မြောက်

စစ်ကောင်စီ၏ ဩဂုတ်လ ၁ ရက်နေ့၊ ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ် လွတ်ငြိမ်းခွင့်တွင် ပဲခူးတိုင်းအတွင်းရှိ အကျဉ်းထောင်ငါးခုမှ အကျဉ်းသူ/သား ၅၀၀ ကျော်လွတ်မြောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၄၀ ဦးခန့်လွတ်မြောက်သည်ဟု ဒေသခံများ၊ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား များနှင့်နီးစပ်ရာအသိုင်းအဝိုင်းတို့မှ သိရသည်။

ပဲခူးတိုင်းအတွင်းရှိ ပြည်ထောင်၊ သာယာဝတီထောင်၊ ပဲခူးထောင်၊ ပေါင်းတည်ထောင်နှင့် တောင်ငူထောင်စသည့်အကျဉ်းထောင် ငါးခုမှလွတ်မြောက်လာသည့် အရေအတွက်မှာ ၅၀၀ ဦးနှင့်အထက်ရှိသည် ဟု ဒေသခံများ၏ပြောဆိုချက်အရသိရပြီး ထို့အနက် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးခန့်ပါဝင်ခြင်းဖြစ်သည်။

ပေါင်းတည်ထောင်မှ လွတ်မြောက်လာသော အကျဉ်းသား ၅၄ ဦးအနက် နိုင်ငံရေးအကျဉ်းသားငါးဦးပါ ဝင်ပြီး ၎င်းတို့မှာ လွတ်ရက်စေ့ရန် သုံးလခန့်သာလိုသူများဖြစ်သည်ဟု ပေါင်းတည်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“၅၀၅ (က) နဲ့ကျသူတွေပါ၊ အမှုတွဲတူ လွတ်ရက်စေ့ရန် သုံးလခွဲအလို အားလုံးပေါင်းတည်၊ မဲခေါင်းရွာက ပါ” ဟု ဆိုသည်။

ပေါင်းတည်ထောင်မှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှာ ကိုချစ်မွှေး၊ ကိုသက်ဇော်ဦး၊ ကိုဝေယံဦး၊ ကိုရန်နောင်စိုး၊ ကိုချစ်ဦးမောင်တို့ဖြစ်သည်။

ထို့အတူ ပြည်ထောင်မှလွတ်မြောက်လာသော အကျဉ်းသား ၁၀၁ ဦးအနက် နိုင်ငံရေးအကျဉ်းသားငါး ဦး ပါဝင်ကြောင်း ပြည်မြို့ခံ၏ပြောဆိုချက်အရ သိရသည်။

“ပြည်ထောင်က နိုင်ကျဉ်းငါးဦးလွတ်ပါတယ်။ မိုးမေတ္တာအသင်းက ကိုမျိုးငြိမ်းဇော်ပါတယ်” ဟု ပြည်မြို့ခံ ကပြောသည်။

ပြည်ထောင်မှလွတ်မြောက်လာသူများမှာ ကိုမျိုးငြိမ်းဇော်၊ ကိုကျော်စွာမိုး၊ ကိုမင်းမင်းဦး၊ ကိုဖြိုးသူအောင်၊ ဒေါ်စန္ဒာမိုးတို့ဖြစ်ပြီး ၎င်းတို့သည် ပြစ်ဒဏ်ကျခံရန်ခြောက်လအောက်ကျန်ရှိသူများနှင့် လွတ်ရက်နီးသူ များဖြစ်သည်ဟု မြို့ခံ၏ပြောဆိုချက်အရသိရသည်။

သာယာဝတီထောင်မှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၂၀ ဦးခန့်ရှိပြီး အုတ်ဖို၊ သာယာဝတီ၊ သုံးဆယ်မြို့တို့မှ ထောင်ဒဏ်နှစ်နှစ်ခန့် ကျခံနေရသူများဖြစ်သည်ဟု သာယာဝတီတော်လှန်ရေးအသိုင်း အဝိုင်းမှသိရသည်။

“သာယာဝတီထောင်က ၂၅၄ ယောက်လွတ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားသူတွေမပါဘူး။ အရင် ပဲခူးတိုင်း NLD ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဦးသိန်းတန်လည်း မလွတ်ပါဘူး။ မိုးညိုက လွှတ်တော်ကိုယ်စားလှယ် ကိုဝင်းနိုင် လွတ်ပါတယ်” ဟု သာယာဝတီတော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

ဦးဝင်းနိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မိုးညိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွင်းဖမ်းဆီးခံရကာ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

တောင်ငူထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသား ၈၁ ဦးအနက် နိုင်ငံရေးအကျဉ်းသားငါးဦးပါဝင်ပြီး၊ ပဲခူးထောင်မှ ၅၀၅(က)ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသူ လေးဦး၊ အကျဉ်းသား ခြောက်ဦး စုစုပေါင်း ၁၀ ဦးလွတ်မြောက်လာသည်ဟု နိုင်ငံရေးအကျဉ်းသားများနှင့်နီးစပ်သူများထံမှ သိရသည်။

ဩဂုတ်လ ၁ ရက်နေ့တွင်ကျရောက်သော  ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးမှ အကျဉ်းသူအကျဉ်းသား ၇,၇၄၉ ဦးကို လွတ်ငြိမ်းခွင့်ပြုသည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ကြေညာခဲ့သည်။

လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသူအကျဉ်းသားများသည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင် လွတ်ငြိမ်းခွင့်ပြုခဲ့စဉ်က ပြစ်ဒဏ် များကိုပါ စုပေါင်းကျခံရမည်ဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly