စစ်ကောင်စီရဲ့ ထွေပြားတဲ့ ကစားကွက်အောက်မှာ ဝေဝါးနေမှာ မဟုတ်ဘူးလို့ NUG ‌ပြော

By ရောင်နီ (မဇ္ဈိမ)
01 August 2023
စစ်ကောင်စီရဲ့ ထွေပြားတဲ့ ကစားကွက်အောက်မှာ ဝေဝါးနေမှာ မဟုတ်ဘူးလို့ NUG ‌ပြော

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုတချို့ကို  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရုပ်သံလိုင်းတွေက ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ကြေညာပါတယ်။ 

ဒီလို အမှုတချို့ကို လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်ကောင်စီက နွေဦးတော်လှန်ရေးကို အရှိန်လျော့စေချင်တာဖြစ်သလို နိုင်ငံတကာဖိအားတွေကိုလည်း လျော့ချစေချင်တာ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

NUG အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုအားလုံးဟာ စစ်ကောင်စီရဲ့ အာရုံထွေပြား အောင်လုပ်တဲ့ နိုင်ငံရေးကစားကွက်တွေအောက်မှာ ဝေဝါးနေမှာ မဟုတ်ဘူးလို့ မဇ္ဈိမကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့အပြင် နိုင်ငံရေးလှည့်ကွက်တွေနဲ့ ကစားနေမယ့်အစား ကိုယ်ကျူးလွန်ခဲ့တဲ့ မတရားမှုတွေအတွက် တာ၀န်ယူမှု တာ၀န်ခံမှုနဲ့ ဖြေရှင်းဖို့ သတိပေးလိုတယ်လို့လည်း ဦးနေဘုန်းလတ်က ဆိုပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှုတွေအနက် အမှုငါးမှုနဲ့  သမ္မတဦးဝင်းမြင့်ကို ချမှတ်ထားတဲ့ အမှုတွေအနက် အမှုနှစ်ခုကို  လွတ်ငြိမ်းခွင့်ပေးလိုက်တာပါ။

ဒီမတိုင်ခင် သမ္မတဦးဝင်းမြင့်ဟာ အမှု ရှစ်မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

စာတည်း - သန့်ဇော်(သန်လျင်)

သတင်း၊ တင်ဆက်- ရောင်နီ

#mizzimatv
#သမ္မတဦးဝင်းမြင့်
#နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly