အာဆီယံ၊ ထိုင်းနှင့် မြန်မာ မျက်နှာစာ အချိုးအကွေ့  (ဆောင်းပါး)

အာဆီယံ၊ ထိုင်းနှင့် မြန်မာ မျက်နှာစာ အချိုးအကွေ့  (ဆောင်းပါး)

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်တို့၏ ဇူလိုင် ၉ ရက်က နေပြည်တော်တွင် တွေ့ဆုံမှုသည် မြန်မာနိုင်ငံအတွက် နိုင်ငံရေးငြိမ်းချမ်းမှုလုပ်ငန်းစဉ်အတွက်သာမက အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးကိုပါ “အသစ်လမ်းဖွင့်ခြင်း” ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။ ဘုံသဘောတူညီချက် ငါးရပ် 5PC အား အကောင်အထည်ဖော်ရေး အာဆီယံဥက္ကဋ္ဌနှင့် အခြား အာဆီယံအဖွဲ့ဝင်များ၏ မြောက်မြောက်မြားမြား အားထုတ်မှုများမှ နောက်ဆုံး အဆင့်နှင့် ရလဒ်များကို လာမည့် စက်တင်ဘာအစောပိုင်း အာဆီယံဆက်စပ် အစည်းအဝေးများတွင် အပြည့်အဝ ပြန်လည်သုံးသပ်သွားကြမည် ဖြစ်သည်။ 

ထိုအဆင့်တွင် မြေပြင်မှ အရှိတရားကို ရောင်ပြန်ဟပ်ပြီး ဘုံသဘောတူညီချက် ငါးရပ်ကို ပြန်လည်ချိန်ညှိရေးသည် အခရာ ဖြစ်ပေသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမို ထိရောက်ရင့်သန်ရေးအတွက် ဘုံသဘောတူညီချက်ငါးရပ်အပြင် ထပ်တိုး 5PC Plus လည်း အကောင်အထည် ပေါ်လာနိုင်သည်။ ဘုံသဘောတူညီချက် ငါးရပ်သည် အာဆီယံ ငြိမ်းချမ်းရေး အားထုတ်မှု၏ အုတ်မြစ်ဖြစ်လင့်ကစား လက်နက်ကိုင် ပဋိပက္ခများ၏ ကြီးထွားလာသော ရှုပ်ထွေးမှုများကြောင့် ယင်း သဘောတူညီချက်တွင် ထပ်တိုးဖြည့်စွက်မှုသစ်များ ရှိသင့်သည်။ ဘုံသဘောတူညီချက် ငါးရပ် စတင်ချိန်မှ နှစ်နှစ်ခွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တို့အပြင် ဌာနေပြည်သူ့စစ်အဖွဲ့ ထောင်ပေါင်းများစွာကဲ့သို့ လက်နက်ကိုင်တပ်များအပါအဝင် အသစ်ပေါ်ထွက်လာသည့် အဓိကပုဂ္ဂိုလ်အဖွဲ့အစည်းများ ရှိလာခဲ့သည်။ ၁၉၄၈ ခုနှစ်က စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) တို့ကလည်း တိုက်ပွဲဗဟိုတွင် စစ်ဆင်နွှဲနေကြသည်။ ထိုအတွက်ကြောင့် ၎င်းတို့၏ အခန်းကဏ္ဍမှာလည်း ဆက်လက် အရေးကြီးနေဆဲပဲ ဖြစ်သည်။ 

လက်ရှိ၌ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျပ်အတည်းသည် အကြောင်းရင်းခံ နှစ်ချက်ဖြင့် အတိမ်းအစောင်းမခံသော အမှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပထမအချက်မှာ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲများက မလျော့စဲသွားဘဲ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ပြည်တွင်းစစ်က လုံးလုံးလျားလျား ရုပ်လုံးပေါ်လာတော့ခြင်း ဖြစ်သည်။ မြေပြင်အခြေအနေကို အကဲဖြတ်ခြင်းက တစ်မျိုးတစ်ဖုံ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် အားလုံးသော အဓိကပုဂ္ဂိုလ်များ သဘောတူကြသည်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက အရပ်သား သေဆုံးမှု ဆက်လက်၍ မြင့်တက်နေဦးမည်ဆိုခြင်းပဲ ဖြစ်သည်။ 

မြန်မာစစ်ကောင်စီအား ဖိအားများ ပိုမို ပေးနိုင်ရန် ရည်ရွယ်ပြီး အမေရိကန်အောက်လွှတ်တော်က ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း အတည်ပြုလိုက်သော Burma Act အား အကောင်အထည်ဖော်ခြင်းနှင့်အတူ အမေရိကန်၏ လူသားချင်း စာနာထောက်ထားရေးနှင့် သေစေနိုင်သော လက်နက်မဟုတ်သည့် အကူအညီတို့သည် ရှိဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဓိက နှောင့်ယှက်သည့်အရာ ဖြစ်နေပြီး ဖြစ်သည်။ မြန်မာလက်နက်ကိုင် တော်လှန်ရေးအုပ်စုများက အကူအညီ ဒေါ်လာ ဘီလီယံဝက် ပေးရန် အမေရိကန်ကို တောင်းဆိုထားသည်။ အတော်များသော ငွေကြေးပဲ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်၌ အမေရိကန်သည် လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ ၁၃၆ သန်း ပေးခဲ့သည်။ 

သေစေနိုင်သော လက်နက်မဟုတ်သည့် အကူအညီ သို့မဟုတ် အခြား အကူအညီ ကြီးကြီးမားမားနှင့်အတူ လက်နက်ကိုင်ပဋိပက္ခ ကြီးထွားလာခဲ့သည်မှာလည်း အရှုပ်ထွေးဆုံးကာလသို့ သေချာ ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ ထိုသို့ အရှုပ်ထွေးဆုံးမှသည် နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ပြည်တွင်းစစ်သည် ကြိုးဆွဲစစ်ပွဲတစ်ရပ်ဆီ ပြောင်းလဲသွားနိုင်သည်။ အမှန်မှာလည်း မြန်မာပဋိပက္ခသည် လက်ရှိ၌ ပြည်တွင်းစစ်လည်း ဖြစ်သကဲ့သို့ ကြိုးဆွဲစစ်ပွဲလည်းဖြစ်သော နှစ်မျိုးစပ်စစ်ပွဲပင် ဖြစ်သည်။  

ပြန်ပြောင်းတွေးကြည့်မည်ဆိုပါက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းသည့်နောက် အာဆီယံ၏ စုပေါင်းတုံ့ပြန်မှုဖြစ်သော ဘုံသဘောတူညီချက် ငါးရပ်သည် လှုပ်လေမြုပ်လေ အခြေအနေဆိုက်နေသည်။ မြန်မာစစ်ကောင်စီက အာဏာသိမ်းပြီး နှစ်ပတ်အတွင်း ၎င်းတို့၏ ကိုယ်ပိုင် အချက်ငါးချက်ပါ လမ်းပြမြေပုံကို ထုတ်ပြန်ခဲ့သော်လည်း ဘုံသဘောတူညီချက် ငါးရပ်မှာမူ အာဏာသိမ်းပြီး ၈၃ ရက်အတွင်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ၌ အာဆီယံနှင့် စစ်ကောင်စီတို့သည် အဆိုပါ လမ်းပြမြေပုံနှင့် ဘုံသဘောတူညီချက် ငါးရပ်တို့ ရလဒ်ထွက်ပေါ်ရေးနှင့် ချွင်းချက်မရှိ အပစ်ရပ်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လက်ခံရေးတို့ကို ကြိုးပမ်းအားထုတ်လျက် ရှိသည်။ 

မကြာသေးခင်က အာဆီယံနှစ်ပတ်လည် အစည်းအဝေး၌ ပူးတွဲထုတ်ပြန်ချက်က လာမည့် ထိပ်သီးအစည်းအဝေးတွင် ပူးတွဲ ညှိနှိုင်းဆောင်ရွက်ရေးကောင်စီမှ ဘုံသဘောတူညီချက် ငါးရပ်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဆိုထားသည်။ လက်ရှိအထိ အာဆီယံဥက္ကဋ္ဌသည် NUG မှ ကိုယ်စားလှယ်များ၊ EAOs နှင့် အခြား အဓိကပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် တွေ့ဆုံထားသည်။ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားမှာ ထိုသို့ တွေ့ဆုံဆွေးနွေးမှုများ၏ ရလဒ်ကို ရေငုံနှုတ်ပိတ်ထားသည်။ 

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန် ပရာမတ်ဝီနိုင်းတို့၏ ဇူလိုင် ၉ ရက်က မိနစ် ၉၀ ကြာ တွေ့ဆုံမှု ရလဒ်ကမူ အချို့သော တိုးတက်ရိပ်များ ရှိလာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို အထူးဝင်းခြံသို့ ပြောင်းရွှေ့ပေးလိုက်ခြင်းသည် အပြုသဘော ဖြစ်ထွန်းမှုအဖြစ် သုံးသပ်နိုင်သည်။ နေပြည်တော်မှ အပြန်တွင် ဒွန်က ၎င်း၏ အာဆီယံ အဆင့်တူများအား အလေးအနက်ထား ပြောရာတွင် အဓိကရင်းမြစ်ကျသော ပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ၎င်းတို့၏ မတူကွဲပြားမှုများကို ပြေလည်အောင် ပထမဆုံး လုပ်ဆောင်ရန်မှာ မရှိမဖြစ်ဘဲ ဖြစ်သည်ဟု ပြောဆိုသည်။ မျက်နှာမလိုက်သည့် ကြိုးပမ်းမှု မှန်သမျှသည် အဓိက ဦးစီးဦးဆောင် နှစ်ဦးကြားက ကွဲလွဲမှုများကို တံတားခင်းပေးနိုင်ရမည် ဖြစ်သည်။ သူတို့နှစ်ဦးကြား အလုပ်ဖြစ်သော နိုင်ငံရေးဖြေရှင်းမှု ဖြစ်လာနိုင်သည်ဟု ထိုင်းနိုင်ငံအနေဖြင့် ယုံကြည်ထားသည်။ 

ထိုအတွက် ထိုင်းနိုင်ငံက မြန်မာနှင့် ဆက်လက် ဆက်ဆံနေပြီး အာဏာသိမ်းပြီးနောက်ပိုင်း အဆင့်သုံးရပ်ဖြင့် ဆက်သွယ်ရေးလမ်းကြောင်း ဆက်လက်ဖွင့်ထားမှုကို ရှင်းပြရာ ရောက်လိမ့်မည် ဖြစ်သည်။ ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်စပ်ရေးရာ ဘုံစိုးရိမ်ပူပန်မှုများအတွက် အပြန်အလှန် ဆွေးနွေးမှုများ ရှိသည်။ စိမ့်ဝင်နိုင်သော နှစ်နိုင်ငံ နယ်စပ် ၂,၄၀၁ ကီလိုမီတာတွင် အများစုမှာ နယ်မြေပိုင်းခြား ကန့်သတ်ရသေးခြင်း မရှိပေ။ ထိုပြင် ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်စပ်ထိစပ်နေသော နိုင်ငံများနှင့် အချို့သော အာဆီယံကိုယ်စားလှယ်များနှင့်အတူ 1.5 track (လမ်းကြောင်းစုံ သံတမန်ရေး သီအိုရီ) ဆိုသည့် အစည်းအဝေးကိုလည်း ကျင်းပခဲ့သည်။ ဘန်ကောက်နှင့် နယူးဒေလီတို့တွင်  ကျင်းပခဲ့သော ယင်း အစည်းအဝေးနှစ်ရပ်အားဖြင့် ပါဝင်သူများကြား လက်နက်၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုတို့နှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကြကာ ဘုံဖြေရှင်းရေးအတွက် ကြိုးစားကြခြင်းဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်။ အဆိုပါ ရှိဆဲ ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်တို့က အလွန်အမင်း စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ တတိယမြောက် အစည်းအဝေးကို ဗီယက်ကျန်းတွင် ဩဂုတ်လအတွင်း တစ်ရက်ရက်၌ ကျင်းပရန် စီစဉ်ထားသည်။ လာအိုနိုင်ငံမှာ လာမည့်နှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည် ဖြစ်သည်။ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ အလှည့်ကျတာဝန်ကို စက်တင်ဘာ ၇ ရက်တွင် လွှဲပြောင်းမည် ဖြစ်သည်။ 

ထိုင်းနိုင်ငံတွင်လည်း နိုင်ငံရေးအသွင်ပြောင်းဆဲကာလဖြစ်သော်လည်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တော်လှန်မှုများက နယ်စပ်လုံခြုံရေးနှင့် နယ်စပ်တွင် နေထိုင်ကြသည့် နှစ်ဖက်အသိုင်းအဝိုင်း၏ လူမှုဘဝများအပေါ် ဆက်လက်ရိုက်ခတ်နေခြင်းကြောင့် မြန်မာအရေး သံခင်းတမန်ခင်း စိုးရိမ်ပူပန်မှုများနှင့် ချည်းကပ်မှုများတွင် ယာယီအစိုးရက သတိလျော့ပါးခြင်း မရှိပေ။ ပြီးခဲ့သည့် သီတင်းပတ်အထိ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆန်ပြည်နယ်သို့ မြန်မာနိုင်ငံသား ၉,၀၀၀ နီးပါး ဖြတ်ကျော်ဝင်ရောက်လာကြသည်. ၎င်းတို့ကို မယ်ဆာရန်းနှင့် ခွန်ယုအမ်းခရိုင်များရှိ ယာယီခိုလှုံရေးစခန်း ငါးခုတွင် နေထိုင်ခွင့်ပြုထားသည်။ 

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအလွန် စိုးရိမ်ရသလောက် သေချာသည်မှာ ဖျူထိုင်းပါတီသည် လာမည့် အစိုးရသစ်ဖွဲ့ရေးတွင် ဦးဆောင်မည် ဖြစ်ပြီး နိုင်ငံခြားရေးကို ၎င်း၏ ထိန်းချုပ်မှုအောက် ထားရှိမည် ဖြစ်သည်။ အမှန်အားဖြင့် အသစ်တက်လာမည့် အစိုးရအနေဖြင့်လည်း ရုန်းကန်နေရလိမ့်မည် ဖြစ်ပြီး နယ်စပ်လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားရေးနှင့် ခိုလှုံရေးစခန်းများကဲ့သို့ ဆက်စပ်ကိစ္စရပ်များတွင် မူဝါဒ ကြီးကြီးမားမား ပြောင်းလဲရန်တော့ မရှိတန်ပေ။ 

အစိုးရသစ်အနေဖြင့် ညှိနှိုင်းရေးစားပွဲဝိုင်းဆီ သက်ဆိုင်သူအားလုံး ခေါ်ဆောင်နိုင်ရေး၌ မိမိကိုယ်ကိုကို ယုံကြည်မှုထားရန် လိုအပ်လိမ့်မည် ဖြစ်သည်။ ပြီးခဲ့သည့် ဖျူထိုင်းအစိုးရခေတ်က မြန်မာမူဝါဒအရေး ပုံဖော်ခဲ့သူများက ထိုင်းအစိုးရသစ်၏ နိုင်ငံခြားရေးမူဝါဒအဖွဲ့တွင် ပါဝင်လိမ့်မည် ဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း မြန်မာဆိုင်ရာ အထူးသံတမန်သစ်ကို ခန့်အပ်ရသေးခြင်း မရှိပေ။ ယခု ခန့်အပ်မည် အလှည့်တွင်တော့ ကုလသမဂ္ဂ အကြီးအကဲအနေဖြင့် ဒေသတွင်း အထူးသဖြင့် ထိုင်းနိုင်ငံမှ အတွေ့အကြုံရှိ သံတမန်များ ထပ်မံစဉ်းစားကောင်း စဉ်းစားလာနိုင်သည်။ 

မြန်မာစစ်ကောင်စီအတွက်မူ စီးပွားရေးက ဆက်လက်တုံ့ဆိုင်းနေခြင်းကြောင့် ပြည်တွင်းရေးသည် ပို၍ ဆိုးဝါးလာကြောင်း သိရှိထားကြသည်။ ပိုများသော ပြင်ပဖိအားနှင့် လက်နက်အကူအညီများ တိုးများလာခြင်းကြောင့် နေပြည်တော်အနေဖြင့် လက်ငင်း၌ ထွက်လမ်းဗျူဟာကို ရှာထားရန် လိုအပ်သည်။ 

မြန်ဆန်ပြီး စိတ်ချရသော လုပ်ဆောင်မှု မရှိဘဲနှင့် ယုံကြည်မှုနှင့် စိတ်ချရမှုသည် တိုး၍ တစ်စစ လျော့ပါးရမည်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်သည့် နောက်ဆုံး ဖြစ်ပေါ်မှုသည် အစကောင်းတစ်ရပ်ပဲ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒွန်တို့၏ အစည်းအဝေးက ပြသနေသည်မှာ အားလုံးက ယုံကြည်မှုဖြင့် အလုပ်လုပ်ကြမည်ဆိုပါက ထိရောက်ပြီး ခိုင်မြဲသော နိုင်ငံရေးဖြေရှင်းမှု ထွက်ပေါ်လာမည်ဟု ပြသလျက် ရှိနေသည်။ ထိုသို့ ဖြစ်လာနိုင်ရန်အတွက်က အားလုံးကြားတွင် ယုံကြည်မှု တည်ဆောက်ကြရမည်သာ ဖြစ်ပါသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly