အကြမ်းဖက် စစ်တပ်နှင့် စေ့စပ်ရေးလုပ်သူ မှန်သမျှ  ပြည်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့ထုတ်ပြန်

By Spring
01 August 2023
အကြမ်းဖက် စစ်တပ်နှင့် စေ့စပ်ရေးလုပ်သူ မှန်သမျှ  ပြည်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့ထုတ်ပြန်

အကြမ်းဖက်စစ်တပ်နဲ့ စေ့စပ်ရေးလျှောက်လှမ်းသူ မည်သူမဆို မည်သည့် အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင့်ရှုတ်ချကြောင်း တော်လှန် ရေး အဖွဲ့ ၁၁ ဖွဲ့က  ဇူလိုင် ၃၁ ရက်နေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ လူထုတစ်ရပ်လုံးအပေါ် အခုချိန်အထိ ရက်ရက်စက်စက် သတ်ဖြတ်နေတာကြောင့် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားစတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးဟာ တော်လှန်ရေးရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ခေတ်အဆက်ဆက် ဆင်နွဲလာခဲ့တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတိုက်ပွဲမှာ လူမျိုးပေါင်းစုံ လူထုတစ်ရပ်လုံး ပါဝင်မှုမြင့်မားနေချိန် ဘုံရန်သူကိုဆန့်ကျင်တဲ့ ဘယ်အဖွဲ့ကိုမဆို မိတ်ဆွေအဖြစ် သဘောထားရမယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း တိုက်ခိုက်ရန်လိုတဲ့ အပြုအမူအားလုံးကို ချေမှုန်းတိုက်ဖျက် သွားမှာ ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

တော်လှန်ရေးအဖွဲ့ ၁၁ ခုဖြစ်တဲ့ Ayeyarwaddy Federal School Students Union၊ Ayeyarwaddy Youths' Union (AYU)၊  Power Of Education Students Union၊ Political Prisoners Network (Myanmar)၊  UCY Foundation၊  Youths' Force in Ayeyarwaddy Region (YFAR)၊  ကြယ်နီတပ်ဦး၊  တိုးတက်သောလူငယ်အစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသ)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊  ဧရာဝတီ တော်လှန်တပ်ဦး၊  ဧရာဝတီတိုင်းလယ်သမားအင်အားစုများက ထိုသို့ ကြေညာခြင်းဖြစ်ပါတယ်။

စစ်သုံးစစ်အမြစ်ဖြတ်ရေးအတွက် “တူတာတွဲလုပ်၊ မတူတာခွဲလုပ်” ဆိုတဲံ အခြေခံပေါ်မှာ တပ်ပေါင်းစုဖွဲ့စည်းရေး ကြိုးပမ်းဆောင်ရွက်သွားရန် အထူးလိုအပ်ကြောင်း တော်လှန်ရေးအဖွဲ့ ၁၁ ခုက ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်လာသည့်တိုင် အကြမ်းဖက် စစ်အုပ်စု ပြုတ်ကျရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်းကို ပြောင်းလဲစရာ မရှိကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း  ပြောဆိုလိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲများနဲ့ ပတ်သက်ပြီး အထူးအစည်းအဝေးတရပ်ကို ကျင်းပစဉ် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကလည်း အကြမ်းဖက်စစ်အုပ်စု အကွက်ဆင်မှုအပေါ် လိုက်မသွားရန် အရေးကြီးတယ်လို့ ထောက်ပြထားပါတယ်။ 

#politicalnews
#newsfeature
#mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly