စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်

By Spring
01 August 2023
စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်

နိုင်ငံအတွင်း အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုဆိုးလာနေတယ်၊ လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းအရေးပေါ်ကာလကို နောက်ထပ် ခြောက်လထပ်တိုးပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်က ကာလုံအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

အခုလို စစ်အုပ်ချုပ်မှု သက်တမ်းတိုးတဲ့အပေါ် ကုလသမဂ္ဂရော အမေရိကန်ပြည်ထောင်စုကပါ စိုးရိမ်တကြီးတုံ့ပြန်လာပါတယ်။

မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ မြန်မြန် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးပြန်သွားဖို့ လိုလားပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ Farhan Haq က ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရပ်တည်ပြောဆိုထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အလားတူ မြန်မာစစ်အစိုးရမှ အရေးပေါ်အခြေအနေအား ခြောက်လသက်တမ်းတိုးရန်ဆုံးဖြတ်ချက်အပေါ် အမေရိကန်ပြည်ထောင်စုက အလွန်စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

စစ်တပ်က တိုင်းပြည်ကို အကြမ်းဖက်မှုနဲ့ မတည်မငြိမ်ဖြစ်အောင် ပိုလုပ်လာမှာကို စိုးရိမ်ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူ Matthew Miller က ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားချက်တွေကို လျစ်လျူရှုတာဟာ အကျပ်အတည်းကို ဆက်လက် ရှည်လျားစေပါတယ်လို့လည်း မီလာက ပြောပါတယ်။

အကြောင်းအမျိုးမျိုးပြကာ ဆွဲဆန့်ထားတဲ့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်ကာ နေပြည်တော်မှာ ဇူလိုင် ၃၁ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးခေါ်ကာ စစ်ကောင်စီရဲ့ သက်တမ်းကို နောက်ထပ် ၆ လထပ်တိုးလိုက်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကို နှစ်နှစ်အထိသာ သတ်မှတ်နိုင်တာဖြစ်ပေမယ့် တိုင်းပြည်အတွင်း “သာမာန်မဟုတ်သော” အခြေအနေဖြစ်ပေါ်နေသည်ဆိုကာ ယခုနှစ် ဇန်နဝါ ရီ ၃၁ ရက်မှာ ခြောက်လသက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီက နောက်ထပ်အကြောင်းပြချက်တွေနဲ့ သက်တမ်းထပ်တိုးလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒေသခံခုခံကာကွယ်ရေးတပ်ဖွဲ့ (PDFs) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ဆက်ရှိနေသေးတာကြောင့် အရေးပေါ်ကာလသက်တမ်း ထပ်တိုးပေးဖို့လိုတယ်လို့ စစ်ခေါင်းဆောင်က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းယူပြီး ရွေးချယ်ခံအရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့တာပါ။

အရေးပေါ်ကာလ ကြေညာပြီး အာဏာသိမ်းယူလာခဲ့တာ အခု ဒီတကြိမ်ဟာ လေးကြိမ်‌မြောက်သက်တမ်းတိုးတာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကန့်ကွက်ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းခဲ့ ပြီး လက်နက်ကိုင်ခုခံမှုတွေ နိုင်ငံအဝှမ်းဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက တောင်းဆိုတိုက်တွန်းနေသလို တဖက်မှာလည်း အထူးသဖြင့် အနောက်နိုင်ငံတွေက စစ်ကောင်စီကို အရေးယူဒဏ်ခတ်မှုတွေ တိုးသထက် တိုး လုပ်ဆောင်လာနေပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီးကတည်းက စစ်တပ်က ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အိုးအိမ်ထောင်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူပေါင်း ၁.၆ သန်းကျော်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့တယ်လို့လည်း မီလာက ပြောကြားခဲ့ပါတယ်။

ဒီတစ်ခေါက် အရေးပေါ်ကာလသက်တမ်းဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

#politicalnews

#newsfeature

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly