အင်အားပြန်စုပြီး လက်ခတ်တောင် စခန်းကုန်းကို ထိုးစစ်ဆင်ဆင်ရန် စစ်ကောင်စီတပ် ပြင်ဆင်နေ

By သွင်ထူးဈာန် (မဇ္ဈိမ)
01 August 2023
အင်အားပြန်စုပြီး လက်ခတ်တောင် စခန်းကုန်းကို ထိုးစစ်ဆင်ဆင်ရန် စစ်ကောင်စီတပ် ပြင်ဆင်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်နိုင်ရန်အတွက် အင်အားပြန်စုပြီး လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ကော်ဘရာစစ်ကြောင်းနှင့် ဒေသသတွင်း စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်က စတင်ကာ ညနေ ၃နာရီဝန်းကျင်အထိ လက်နက်ကြီးများဖြစ်သည့် ၈၁ မမ၊ ၁၂၀မမ၊ ဟောက်ဝစ်ဇာအမြောက်များကို အကြိမ်ရေ ၃၀ ကျော် ပစ်ခတ်ခဲ့ကြောင်း Cobra စစ်ကြောင်းက ပြောသည်။ 

စစ်ကောင်စီတပ်၏ ကြက်ကင်ကုန်း၊ ခမရ (၂၇၅) ၊ခလရ (၃၅၅) နှင့် မေတ္တာလင်းမြိုင်ကျေးရွာအနီးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။
 
“စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ လက်နက်ကြီးပစ်ကူပေးတဲ့သဘောပေါ့၊ စကစဘက်က အင်အားများတယ်၊ သုံးနေရာလောက် ထိုးစစ်ဆင်မယ်လို့ ယူဆရတယ်၊ ဗျူဟာခင်းနေတဲ့ သဘောပေါ့၊ တစ်နေရာကို ၃၀၀ ကျော်လောက် ရောက်နေတယ်၊ စောချစ်သူဦးဆောင်တဲ့ BGF တွေလည်းပါတယ်၊ ထိုးစစ်ဆင်မယ့်ကိစ္စ သူတို့ ပါမှာလားဆိုတာတော့ မသိသေးဘူး” ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ကဘက်က လက်ခတ်တောင်ကုန်းတစ်လျှောက် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေ ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ခတ်တောင်စခန်းကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် စစ်ကောင်စီတပ်မှ အင်အားအများပြားစုဆောင်းပြီး ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း CDM ဗိုလ်ကြီးတစ်ဦးက ပြောသည်။ 

“မြဝတီ - ဝေါ်လေကားလမ်းက စခန်းတွေထဲက အင်အားတွေကို သူတို့ထုတ်နုတ်ထားတယ်၊ သေ့ဘောဘိုးစခန်းကုန်းက အင်အားတွေပါလာတယ်၊ ဒီဘက်စစ်ကြောင်းထိုးဖို့ သူတို့ အင်းအားအတော်ပြန်စုနေရတယ်၊ တပ်မ (၄၄) လက်အောက်ခံတပ်က အမည်ပဲ ရှိတော့တာ၊ အင်အားမရှိတော့ဘူး”ဟု CDM ဗိုလ်ကြီးတစ်ဦးမှ ပြောသည်။ 

လက်ခတ်တောင်စခန်းကုန်းကို ထိုးစစ်ဆင်နိုင်ရန်အတွက် စစ်ကောင်စီတပ်စစ်ကူများလာသည့် လမ်းတစ်လျှောက်ကို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများမှ ကြားဖြတ်တိုက်ခိုက်နေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ၂၅ ရက်နေ့တွင် လက်ခတ်တောင်စခန်းကုန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး အထိနာကာ ဆုတ်ခွာသွားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ လက်ခတ်တောင်စခန်းကုန်းသည် မြဝတီမြို့ ခံစစ်စည်းဖြစ်ကာ စစ်ရေးဗျူဟာမြောက်သည့် နေရာဖြစ်ပြီး ဇူလိုင်လ၂၁ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်း (၁) နှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

လက်‌ခတ်တောင်တိုက်ပွဲတွင် ဆုတ်မိန့်မရဘဲ တပ်ဆုတ်ပြေးခဲ့သည့် ကျိုက်ထို အခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ခလရ (၂)မှ တပ်ရင်းမှူး အာကာအောင်နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင်တို့ကို အမိန့်ဖီဆန်သဖြင့် စစ်ကောင်စီတပ်က ထောင်ချထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

#Mizzima
#လက်ခတ်တောင်
#KNLA
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly