ဆေးရုံအနီးဗုံးပေါက်ကွဲပြီးနောက် မူဆယ်မြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်

By 007 (မဇ္စျိမ)
31 July 2023
ဆေးရုံအနီးဗုံးပေါက်ကွဲပြီးနောက် မူဆယ်မြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆေးရုံအနီးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ပုဒ်မ(၁၄၄)(မာရှယ်လော)  ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။

“မာရှယ်လောဆိုပြီး တချို့နေရာတွေမှာ လော်စပီကာနဲ့လိုက်အော်တယ်။ ရပ်ကွက်ရုံးတွေနဲ့နီးတဲ့နေရာ တွေမှာတော့ ဗီနိုင်းတွေလိုက်ကပ်သွားတယ် ” ဟု မူဆယ်ဒေသခံတဦးက ပြောသည်။

မူဆယ်မြို့ ပြည်သူ့ဆေးရုံ၀င်ပေါက်အနီးတွင် ဇူလိုင်လ ၂၉ ရက်နေ့ ည ၈ နာရီ၀န်းကျင်ခန့်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး အစောင့်၀န်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီပိုင်အကြာတွင် မြို့အ၀င် တိုးဂိတ်ကိုပိတ်လိုက်ပြီး ည ၁၀ နာရီမှစ၍ ပုဒ်မ (၁၄၄)(မာရှယ်လော)ထုတ်ပြန်ကြောင်း စစ်ကောင်စီကကြေညာခဲ့ခြင်း ဖြစ်သည်။

“ အဲဒီညက မာရှယ်လောထုတ်တာကိုမသိလိုက်တဲ့ ကား ၁၀ စီးလောက် အဖမ်းခံလိုက်ရတယ်။ မနေ့ည ကတော့ ပြန်လွှတ်ပေးတယ်လို့ ကြားတာပဲ။ မနေ့ညက အဖမ်းခံရတာတွေတော့ ဒီနေ့အထိ ပြန်လွတ် မလာသေးဘူး။ အယောက် ၂၀ လောက်ရှိတယ်။ မာရှယ်လောထုတ်တဲ့ကိစ္စက တိုက်ပွဲတွေကြောင့်လည်း ဖြစ်နိုင်တယ်။ မနေ့ညကအထိကို လက်နက်ကြီးပစ်သံတွေကြားရတယ်” ဟု မူဆယ်ရောက် မန္တလေးမြို့မှ ကုန်သည်တဦးကပြောသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နှင့်နမ့်ခမ်းမြို့ကြားရှိ ဇယ်လန့်ကျေးရွာအနီးတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နှင့် စင်ကျော့ပြည်သူ့စစ်ပူးပေါင်းထားသောအဖွဲ့နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်သုံးဦး သေဆုံးခဲ့ကြောင်းဆိုသည်။

ထိုနေ့မှစ၍ နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် မူဆယ်ပြည်သူ့ဆေးရုံအနီး ဗုံးနှစ် လုံးပေါက်ကွဲခဲ့ပြီးနောက် မာရှယ်လောအမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင်လ ၂၃ ရက်နောက်ဆုံးပတ်မှစပြီး စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့အကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဇူလိုင်လ ၂၄ ရက်နေ့က ကွတ်ခိုင်မြို့နယ် နမ့်အွန်ကျေးရွာဈေးအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသားတဦးသေဆုံးခဲ့သည်။

ဓာတ်ပုံ- ပေးပို့

စာတည်း။  ။Alden
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်မြောက်ပိုင်း
#မူဆယ်မြို့
#မာရှယ်လော
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly