ထိုင်းနိုင်ငံ၏ အိမ်ထောင်စုကြွေးမြီက ၁၅ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

By Vietnam Plus
31 July 2023
ထိုင်းနိုင်ငံ၏ အိမ်ထောင်စုကြွေးမြီက ၁၅ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

ထိုင်းနိုင်ငံတွင် အစိုးရသစ် ဖွဲ့စည်းရေး မသေချာမရေရာမှုတို့ ရှိနေစဉ် စီးပွားရေး ပြန်လည်နာလန်ထမှု မျှော်မှန်းထားသည်ထက် ပိုမိုနှေးကွေးနေခြင်းနှင့် လူနေမှုစရိတ်များ မြင့်တက်မှုတို့ကြောင့် နိုင်ငံ၌ ပျမ်းမျှ အိမ်ထောင်စုကြွေးမြီများက ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း စစ်တမ်းတစ်ခုက ပြသနေသည်။

၂၀၂၃ ခုနှစ်တွင် ပျမ်းမျှ ကြွေးမြီသည် ဘတ် ၅၅၉,၄၀၉ (အမေရိကန်ဒေါ်လာ ၁၆,၀၀၀ ခန့်) ဖြင့် ရှိနေပြီး အစောပိုင်းနှစ်ကထက် ၁၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမြင့်တက်ခဲ့ကြောင်း ထိုင်း ကုန်သည်ကြီးများအသင်းတက္ကသိုလ် (UTCC) ၏ စစ်တမ်းလေ့လာချက်တစ်ခုအရ သိရသည်။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေး၏ ပြန်လည်နာလန်ထူမှုက ဒေသတွင်း အခြားနိုင်ငံများထက် နောက်ကျနေပြီး အဓိကအရေးပါသော ခရီးသွားလုပ်ငန်းသည်လည်း ကပ်ရောဂါကာလမှတစ်ဖန် ယမန်နှစ်တွင်မှ စပြီး ပြန်လည်နာလန်ထူစ ရှိနေခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား ပျော့မှုကြောင့်လည်း ပို့ကုန်များကို ဆက်လက်တန့်အီစေလျက် ရှိသည်။

၎င်းတို့အနေဖြင့် အနည်းဆုံး ခြောက်လအထိ ဆက်လက်ပြီး ထပ်မံငွေချေးရလိမ့်မည်ဟု ထင်မြင်ကြောင်း စစ်တမ်းဖြေဆိုသူများက ဖြေဆိုခဲ့ကြသည်ဟု တက္ကသိုလ် ဥက္ကဋ္ဌ သန်နာဗတ် ဖွန်ဗီချိုင်းက ပြောသည်။

ကြွေးမြီ လယ်ဗယ်များက ၂၀၂၄ တွင် အမြင့်ဆုံးသို့ ရောက်နိုင်သည်ဟု ၎င်းက ပြောသည်။ ရွေးကောက်ပွဲ ကျင်းပခဲ့လင့်ကစား စီးပွားရေးပြန်နာလန်ထူမှုက ဆက်လက်ပြီး မသဲမကွဲ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် လာမည့်နှစ်သစ်အစောပိုင်းအထိ နေထိုင်မှုစရိတ်စကများမြင့်တက်ခြင်း၊ ဝင်ငွေနည်းခြင်းတို့နှင့်အတူ စီးပွားရေးပြဿနာများနှင့် ဆက်လက်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ထိုင်းပါလီမန်သည် ဝန်ကြီးချုပ်သစ် မဲခွဲရွေးချယ်မှုကို ဇူလိုင် ၂၇ ရက်က နောက်ဆုတ်ရွှေ့ဆိုင်းခဲ့သည့်အတွက် အစိုးရသစ်ဖွဲ့စည်းခြင်းနှင့် စီးပွားရေးမြှင့်တင်မည့် မူဝါဒများကို နှောင့်နှေးကြန့်ကြာစေလျက် ရှိသည်။

နိုင်ငံ စီးပွားရေးသည် ယခုနှစ်တွင် ၃ ဒသမ ၀ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၅ ရာခိုင်နှုန်းအကြား တိုးတက်ဖွယ် ရှိကြောင်း သန်နာဗတ်က ပြောသည်။ အစိုးရဖွဲ့စည်းမှု နှောင့်နှေးကြန့်ကြာခြင်းက လာမည့်နှစ်တွင် တိုးတက်မှုအပေါ် ထပ်မံထိခိုက်မှုတို့ ရှိစေလိမ့်မည်ဟု ၎င်းက ပြောသည်။

Household debt in Thailand at 15-year high
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly