တနင်္သာရီတိုင်း နယ်လုံဝန်ကြီးဖမ်းဆီးမှုနောက်ဆက်တွဲ လုပ်ငန်းရှင်ကြီး ၆ ဦး စစ်ဆေးခံရ 

By ကိုရွှေမြိတ်(မဇ္ဈိမ)
31 July 2023
တနင်္သာရီတိုင်း နယ်လုံဝန်ကြီးဖမ်းဆီးမှုနောက်ဆက်တွဲ လုပ်ငန်းရှင်ကြီး ၆ ဦး စစ်ဆေးခံရ 
Photo - တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း

တနင်္သာရီတိုင်းအတွင်းအခြေစိုက် စစ်ကောင်စီတပ်မှ ထိပ်တန်းအရာရှိနှစ်ဦးနှင့် တိုင်းအစိုးရ အဖွဲ့ နယ်လုံဝန်ကြီးတို့ကို နေပြည်တော်ကစစ်ဆေးမှုများပြုလုပ်ပြီး နောက်ဆက်တွဲအဖြစ် မြိတ်မြို့မှ လုပ်ငန်းရှင်ခြောက်ဦးကို စစ်ဆေးမှုများပြုလုပ်နေခဲ့သည်ဟု  လုပ်ငန်းရှင်များက မဇ္ဈိမသို့ပြောသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက် ဥက္ကဋ္ဌ ဦးလှသန်း၊

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊အမှတ်(၂၀)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူနှင့် တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို  ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်မှလာသော အထူးအဖွဲ့က ဖမ်းဆီးအရေးယူမှုများပြုပြီးနောက် လုပ်ငန်းရှင်များကို အဂတိလိုက်စားမှုသံသယဖြင့် စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တခုက ပြောသည်။

OK ဆန်ရောင်းဝယ်ရေးမှ ဦးမောင်ထွေး

စစ်ဆေးခံရသော လုပ်ငန်းရှင်ခြောက်ဦးမှာ  မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ ဥက္ကဋ္ဌ ဦးလှသန်း၊ ဖိုးလမင်းကုမ္ပဏီမှ ဦးဖိုးစိန်၊ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့မှ ဦးသက်စိုး၊ OK ဆန်ရောင်းဝယ်ရေးမှ ဦးမောင်ထွေး၊ ဦးမင်းသူရနှင့် ဦးဝင်းထိန်တို့ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် စစ်ကောင်စီတပ် အရာရှိ များနှင့်လည်း ရင်းနှီးကျွမ်းဝင်သူများဖြစ်သည်ဟု လူသိများသည်။

မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့မှ ဦးသက်စိုး

လုံခြံရေးစိုးရိမ်ကာ အမည်မဖော်လိုသူသတင်းရင်းမြစ်တခုက “ မြိတ်က ထိပ်တန်းလုပ်ငန်းရှင် ခရိုနီ အကြီးစား ဦးလှသန်း အပါအဝင် ခြောက်ဦး ပါဝင်တယ်”ဟု ပြောသည်။

“အဓိက ကတော့ သူတို့ခြောက်ယောက်က (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး) နယ်လုံနဲ့ အဓိကပတ် သက်တာဖြစ်တယ်။ တလောက ဖမ်းဆီးစစ်ဆေးမှုမှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေရဲ့  ပိုင်ဆိုင်မှုတွေ သိန်းသောင်းချီ သိမ်းဆည်းခံရတော့ နယ်လုံကိုလာဘ်ထိုးတဲ့ကိစ္စနဲ့ ခေါ်ယူစစ်ဆေးခံနေရတာ ဖြစ် တယ်”ဟု ထပ်ပြောသည်။

ဖိုးလမင်းကုမ္ပဏီမှ ဦးဖိုးစိန်

ထားဝယ်မြို့တွင် စစ်ဆေးမှုများပြုလုပ်နေခဲ့ပြီး အချို့ကိုတော့ နေအိမ်ပြန်လွှတ်လိုက်သည်ဟု သိရပြီး ကာယကံရှင်များကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမပြုပါ။

နေပြည်တော်က အစောပိုင်းတွင် ဖမ်းဆီးခဲ့သောစစ်အရာရှိများအနက် ဗိုလ်မှူးချုပ်သစ်လွင်ထူးကို ဒုတိုင်းမှူးရာထူးမှ ဖယ်ရှားကာ အရန်အင်အားအဖြစ် နေအိမ်တွင်ထားပြီး  နယ်လုံဝန်ကြီးကိုလည်း ဆက် လက်ဖမ်းဆီးထားပြီး သူ၏မိသားစု ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားသည်။

နယ်လုံဝန်ကြီးမှာ ဇူလိုင်လဆန်းပိုင်းက ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင်တို့တွင် နယ်စပ်ကုန်သည်များက ထိုင်းနိုင်ငံဘက်မှ တရားမဝင်သွင်းလာသော ကုန်ပစ္စည်းများဖမ်းဆီးမှုတွင် အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required