မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်မှယာဉ်များ တိုက်ခိုက်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
31 July 2023
မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်မှယာဉ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် စစ်ကောင်စီတပ်၏ ရေယာဉ်များ ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၂၉ ရက် ညနေ ၃ နာရီ ခန့်တွင် လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Aung San Force တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် ထောက်ပို့ ဖလက်တွဲရေယာဉ်ခြောက်စီးနှင့် စစ်သင်္ဘောများပေါ်ရှိ ပစ္စည်းအချို့ ထိခိုက်ပျက်စီးနိုင်ပြီး စစ်သားထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း Aung San Force တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးက ပြောသည်။

“ရှေ့ထွက်ပြောင်းတွေကို အဓိကထားအသုံးပြုပြီး တိုက်ခဲ့တာဖြစ်ပါတယ်။ စစ်သင်္ဘောတွေဘက်က လက် နက်ကြီးတွေနဲ့ ဆက်တိုက်ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပါတယ်။ ထောက်ပို့ရေယာဉ်ပေါ်က ပစ္စည်းတွေ ထိခိုက်ပျက်စီးနိုင်ပါတယ် ” ဟု ၎င်း ကဆိုသည်။

ထိုတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၅) တပ်ရင်း (Aung San Force) နှင့် မုံရွာခရိုင် အမှတ် (၂၉) တပ်ရင်း (Black Dragon) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

အဆိုပါ စစ်ရေယာဉ်တန်းသည် ဇူလိုင် ၂၉ ရက်တွင် ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ကျေးရွာများကိုပစ်ခတ်ခဲ့၍ ရွှေကုန်းကျေးရွာမှ ဒေသခံနှစ်ဦးနှင့် ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖြေဆိုထားသည်။

စစ်ကောင်စီတပ်၏ ထောက်ပို့ရေယာဉ်များသည် ယမန်နေ့က အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ရောက်ရှိနေပြီး ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၇ နာရီမှစတင်ကာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အထက်သို့ ဆန်တတ်ရန် ရှေ့ပွိုင့်များဖြင့် လမ်းရှင်းနေကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှသိရသည်။

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်းအတွင်း ကူးသန်းသွားလာနေသည့် မော်တော်ရေယာဉ်များအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ကာ မင်းကင်း၊ ကနီ၊ မုံရွာ ရေကြောင်းကို ယာယီအသုံးမပြုကြသေးရန် ကနီ- ယင်းမာပင် ကာကွယ်ရေးတပ်ဖွဲ့များမှ သတိပေးထုတ်ပြန်ထားသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly