အစစ်အဆေးကြမ်းသည့် သံလွင်တံတားစစ်ဆေးရေးဂိတ် ဗုံးခွဲခံရ၊ စစ်ကောင်စီတပ်သားများအပါအဝင် အရပ်သားအချို့ပါ ထိခိုက်

By YT  ( မဇ္ဈိမ)
31 July 2023
အစစ်အဆေးကြမ်းသည့် သံလွင်တံတားစစ်ဆေးရေးဂိတ် ဗုံးခွဲခံရ၊ စစ်ကောင်စီတပ်သားများအပါအဝင် အရပ်သားအချို့ပါ ထိခိုက်

ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်တံတား(ဘားအံ) တံတားအဆင်းမှ စစ်ကောင်စီစစ်ဆေး ရေးဂိတ်တွင် ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများအပါအဝင် အရပ်သားအချို့ပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘားအံမြို့ခံများက မဇ္ဈိမကို ပြောသည်။

ဗုံးဖောက်ခွဲခံရသော သံလွင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် အဖမ်းအဆီး၊ အစစ်အဆေးကြမ်း ကြောင်း ခရီးသွားပြည်သူများအကြား နာမည်ဆိုးထွက်နေသော ဂိတ်ဖြစ်သည်။

“မနက် ၆ နာရီကျော်လောက်က ဖြစ်တာ၊ အုန်းကနဲပဲ၊ အသံတော်တော်ကျယ်တယ်။ မြို့ထဲကနေ ဆေးရုံ ကားတွေ ခေါက်တုံ့ခေါက်ပြန်သွားနေတာမနည်းဘူး။ အထိအခိုက်တော်တော်များလို့ဖြစ်မယ်” ဟု ဘားအံ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ဘားအံမြို့ဘက်ခြမ်းရှိ သံလွင်တံတား(ဘားအံ) စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှေ့တွင် အိမ်စီးကားတစ်စီး၌ မိုင်းထောင်၍ ဖောက်ခွဲခံခဲ့ရခြင်း ဖြစ်သည်။
ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးဂိတ် ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အပြင် အရပ်သားများလည်း ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် အရပ်သားများ ထိခိုက်မှုအရေအတွက် ကို ကွဲကွဲပြားပြားမသိရသေးဘဲ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

“ကားကိုထားခဲ့ပြီး ကားမိုင်းခွဲသွားတာ၊ လူထိခိုက်သေဆုံးမှု ရှိပါတယ်၊ အရပ်သားတွေရော လုံခြုံရေးအဖွဲ့ တွေရောပါတယ်။ အရပ်သားစစ်ဆေးရေးဂိတ်ရှေ့မှာဖြစ်တာဆိုတော့ အယောက် ၃၀ နီးပါးလောက်ပေါ့။ အခုထိလည်း ဒဏ်ရာရတာတွေ အရမ်းများတယ်” ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ဘားအံသတင်းရင်းမြစ်တဦး က မဇ္ဈိမကို ပြောသည်။

အဆိုပါ သံလွင်တံတား (ဘားအံ)စစ်ဆေးရေးဂိတ်အား မည်သည့်တပ်ဖွဲ့က ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ကို မသိရသေးသကဲ့သို့ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများဘက်မှလည်း တစုံတရာ ထုတ်ပြန်ထား ခြင်း မရှိသေးပေ။

အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၅၀ ဝန်းကျင်အထိုင်ချကာ ခရီးသွားပြည်သူများကို နေ့စဉ်မပြတ် စစ်ဆေးမှုများ ပြုလုပ်နေသည်။ 

ကားမိုင်ထောင် ဖောက်ခွဲခံရမှုကြောင့် သံလွင်တံတား( ဘားအံ) ပေါ်သို့ ဖြတ်သန်းသွားလာခွင့် ပိတ်ထား ပြီး မော်လမြိုင်ဘက်မှ ပတ်လာသူများကိုလည်း အတ္ထရံတံတားတွင် အစစ်အဆေးပြုလုပ်နေကြောင်း သိရသည်။

“ဒီမနက် မိုင်းကွဲတော့ အဲ့ဒီဘက်ကို အသွားအလာပိတ်လိုက်တယ်လေ၊ ကျွန်တော်တို့က သထုံဘက်ကို သွားမှာဆိုတော့ မော်လမြိုင်ဘက်က ပတ်လာတာ၊ ပုံမှန်ဆို အတ္ထရံတံတားက မစစ်ဘူး။ ဒီနေ့တော့ တော်တော်စစ်တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

သံလွင်တံတား(ဘားအံ)ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် သက်ကြီးသက်ငယ်မရွေး နိုင်ငံသားစိစစ် ရေး ကတ်ပြားများစစ်ဆေးခြင်း၊ ခရီးဆောင်အိတ်များကို စစ်ဆေးရှာဖွေခြင်း၊ အမျိုးသားများအား အဝတ်အစားချွတ်စေ၍ ခန္ဓာကိုယ်ပေါ်၌ နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် တက်တူးထိုးထားခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ကြောင်း ခရီးသွားပြည်သူများက ပြောသည်။

ထို့ပြင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်းရှိ အချက်အလက်များကိုပါ အတင်းအဓမ္မ တောင်းယူ စစ်ဆေးလေ့ရှိကြောင်း ဆိုသည်။ လက်ကိုင်ဖုန်းအတွင်းရှိ အချက်လက်နှင့် ဓါတ်ပုံများအပြင် လျှို့ဝှက်ထားသောဖိုင်များကိုပါ ကွန်ပျူတာနှင့် ချိတ်ဆက်၍ စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

မဲခေါင်သတင်းဌာန အပါအဝင် အခြားသတင်းဌာနများတွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်နေ သည့် ကိုမောင်မောင်မျိုးသည် ပြီးခဲ့သည့်နှစ် မေလ ၁၀ ရက်နေ့က မြဝတီမြို့မှ မန္တလေးမြို့သို့ ခရီးသည် တင်ကားဖြင့်သွားစဉ် သံလွင်တံတား စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရသည်။ 

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required