ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး NLD ကြိုးပမ်း

By မဇ္ဈိမ 
31 July 2023
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး NLD ကြိုးပမ်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန်နဲ့ တိုင်းရင်းသားရေးရာ ကော်မတီများ ဖွဲ့စည်းရန် NLD ပါတီ ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

 NLD က ဇူလိုင်လ ၂၉ ရက်မှာ ဗဟိုကော်မတီ အစည်းအဝေးကျင်းပခဲ့ကာ ဆုံးဖြတ်ချက် ၇ ချက် ချမှတ်နိုင်ခဲ့ပြီး စစ်အာဏာရှင်တစ်စုက တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မအာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ချန်လှပ်ထားလို့မရတဲ့ အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ NLD ပါတီကပြောပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး ကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန်နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာမှာ  တိုင်းရင်းသားများနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာကော်မတီ ကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စတဲ့ အချက်များကို ကန့်ကွက်သူမရှိ အတည်ပြု ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ယင်းအစည်းအဝေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီနဲ့ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင် များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ကြောင်း၊ ဗဟိုအလုပ်ကော်မတီရဲ့ လုပ်ငန်း အစီရင်ခံစာကို အတည်ပြုပြီး  တင်သွင်းလာတဲ့ အကြံပြုချက် များ အားလုံးကိုလည်း ဒုတိယ ဗဟို ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် မှတ်တမ်းတင် ထားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီအစည်းအဝေးဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့တာနဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးမယ့်အချိန်တွေနဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတပ်က အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ထားတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ထဲကနေ ပိုပြီးသက်တောင့်သက်သာရှိတဲ့ နိုင်ငံတော်ပိုင် နေအိမ်တစ်ခုကို ပြောင်းရွှေ့ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုထားပါတယ်။

ပြည်တွင်း၊ ပြည်ပ မီဒီယာအချို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရက်၊ တနင်္လာနေ့ကတည်းက ထောင်ထဲကနေ နေပြည်တော်က ဒုတိယဝန်ကြီးတွေ နေထိုင်တဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့လိုက်တာလို့ ဖော်ပြထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာပဲ ဆက်ထားမလား၊ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ပြန်ပို့မလားဆိုတာ အတိအကျ မသိရသေးပါဘူး။

အရင်စစ်အစိုးရတွေလက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံ ခေါင်းဆောင်အဖြစ်နဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်-၅၄ မှာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ ၁၅ နှစ်ကြာ နေထိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required