အာရှရေးရာ တရုတ် အထူးကိုယ်စားလှယ် မြန်မာပြည်သို့ ရောက်ရှိလာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ

By မဇ္ဈိမ 
31 July 2023
အာရှရေးရာ တရုတ် အထူးကိုယ်စားလှယ် မြန်မာပြည်သို့ ရောက်ရှိလာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ဇူလိုင်လ ၂၈ ရက်နေ့မှာ မြန်မာပြည်ကိုရောက်ရှိလာပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို့ ဇူလိုင်လ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ရေးသား ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံမှုမှာ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မြန်မာနိုင်ငံရေး အခြေအနေ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအခြေအနေ၊ အွန်လိုင်း လောင်းကစားမှုနဲ့ အွန်လိုင်းလိမ်လည်မှု လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေ တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်- မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တရုတ် အထူး ကိုယ်စားလှယ်တို့ နယ်စပ်တည်ငြိမ်ရေး ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

အလားတူ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းဟာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်း သီးခြားစီတွေ့ဆုံခဲ့သလို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းဟာ  ယခု ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပါတယ်။

အခုလို တွေ့ဆုံမှုတွေမပြုလုပ်ခင်  မစ္စတာတိန့်ရှီးကျွင်းက ယခုနှစ် ဖေဖော်ဝါရီလမှာပဲ မြန်မာ-တရုတ်နယ်စပ်ရှိ UWSA “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းဟာ ယခု မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ အကျဉ်းကျခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားဖွယ်ရှိနေကြောင်းကိုလည်း နိုင်ငံတကာသတင်းတွေမှာ ရေးသားထားကြပါတယ်။

မစ္စတာ တိန့်ရှီးကျွင်းနေရာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်းဟာ စစ်ကောင်စီဥက္ကဌနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တွေ့ဆုံခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

တရုတ် - မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးတစ်ဝိုက်နဲ့ မြစ်ကြီးနားမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဇွန်လကစလို့ တိုက်ပွဲတွေပြင်းထန်နေတာပါ။

တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်တဲ့ ဇူလိုင်လ ၂၈ ရက် နဲ့ ဇူလိုင်လ ၂၉ ရက်မှာ တော့ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိပေမယ့် စစ်ရေးတင်းမာနေမှုတွေရှိနေဆဲလို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly