စစ်အုပ်ချုပ်ရေးကြေညာထားသော လှိုင်သာယာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံး ၂ လုံး ပေါက်ကွဲ

By ကီရာ (မဇ္ဈိမ)
31 July 2023
စစ်အုပ်ချုပ်ရေးကြေညာထားသော လှိုင်သာယာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံး ၂ လုံး ပေါက်ကွဲ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်ရှိ အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင်သူများက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“လူထိခိုက်မှုတော့မသိသေးဘူးဗျ၊ လမ်းသွယ်တွေကတော့ ပိတ်ထားတယ်။ ရုံးနောက်ဘက်က လမ်းသွယ် တွေရောပဲ။ လမ်းမကြီးကတော့ဖွင့်ထားပြီး လာတဲ့ကားမှန်သမျှ အကုန်စစ်နေတယ်၊ စစ်ကားတွေ အဲဒီ ဘက်သွားနေကြတာတွေ့တယ်”ဟု ဒေသခံတဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီး အဆိုပါရုံးအနီးရှိလမ်းသွယ်များကို ပိတ်ထားလိုက်ပြီး လမ်းမကြီးပေါ်သွားလာနေ သည့် ကားများကိုလည်း စစ်ကောင်စီက တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော အမှတ်(၂၀)ရပ်ကွက်ရုံး၏ ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးသည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က သေနတ်ပစ်သတ်ခံခဲ့ရသည်။

ရုံးအနီးရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပထမအုပ်ကြီးကတော့ ပစ်သတ်ခံရလို့သေပြီ၊ အခုရှိနေတာကတော့ နောက်အုပ်ကြီးပေါ့၊ အဲဒီလမ်း နားမှာကလည်း သူတို့နဲ့ပတ်သက်တဲ့သူတွေပဲ ဆိုင်ကယ်စီးခွင့်ရှိတယ်၊ စီးလို့ရတယ်။ ပြီးတော့ အဲဒီရုံးကို စစ်ကောင်စီကလူတွေ ခဏခဏလာတတ်တယ်” ဟု ဒေသခံက ပြောသည်။

လှိုင်သာယာမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်ဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးခြင်းများ၊ ဖမ်းဆီးခြင်းနှင့် ဆိုင်ကယ်များ ၊ ဘေးတွဲဆိုင်ကယ်များကို နေအိမ်အတွင်းထဲထိ ဝင်ရောက်ဖမ်းဆီးမှုများ လုပ်နေကြောင်းလည်း ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

စာတည်း။     ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly