ယင်းမာပင်နယ် ချင်းတွင်းမြစ်ဘေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုး၊ ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ

By လွှမ်းမိုး (မဇ္ဈိမ)
31 July 2023
ယင်းမာပင်နယ် ချင်းတွင်းမြစ်ဘေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုး၊ ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ
Photo - စစ်ဘေးရှောင်ပြည်သူများ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို  စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက် ၇ နာရီခန့်မှစကာ  စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ချင်းတွင်းမြစ်အတွင်းရှိ စစ်ကောင်စီတပ်ရိက္ခာတင် ရေယာဉ်များကို လုံခြုံရေးယူပေးနေသည့် အင်အား ၁၅၀ခန့်ပါသော  ခြေလျင်စစ်ကြောင်းနှစ်‌ကြောင်း က မြစ်ကမ်း‌ဘေးရှိ ကျေးရွာများကို ဝင်ရောက်နေခြင်းဟု ဒေသခံများက ပြောသည်။

“ရွာတွေဝင်ပြီဆို သေနတ်တွေ ဆက်တိုက်ပစ်ပြီး ဝင်လာကြတာပါ။ အခုအချိန်ကတော့ ဝရုန်းသုန်းကား ထွက်ပြေးနေရတုန်းပါပဲ” ဟု  ဒေသခံတစ်ဦးက ယနေ့ နံနက် ၉ နာရီခန့်တွင် ပြောသည်။

စစ်ကြောင်းကြောင့် ယင်းမာပင်မြို့နယ် မြောက်ခြမ်းရှိ စုန်းချောင်း၊ သံဗိုလ်၊ ကျောက်မှော်၊ ပန်းတိမ်ပြင်၊ စေသူ၊ ကျောက်ကုန်းကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။စုန်းချောင်းရွာသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်က စစ်ကောင်စီ  တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးရဲဘော်သုံးဦးနှင့် ဒေသခံ၁၁ဦး၊ စုစုပေါင်း ၁၄ဦး သေဆုံးခဲ့ရသည့် ကျေးရွာဖြစ်သည်။

" စစ်ကြောင်းက ဝင်လာတယ်။ ဘာပြင်ဆင်ချိန်မှ မရဘူး။ တော်တော်လေး ဒုက္ခကြုံရတယ်"ဟု စုန်းချောင်းရွာ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီရေယာဉ်အချို့ရှိနေစဉ် ပြည်သူပိုင်မော်တော်ရေယာဥ်များအနေဖြင့်  ချင်းတွင်းမြစ်အတွင်း မောင်းနှင်သွားလာခြင်းမပြုကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်ထားသည်။

ယနေ့ မှစ၍ နောက်ထပ် အကြောင်းမထုတ်ပြန်မချင်းမောင်းနှင်သွားလာခြင်းမပြုလုပ်ကြရန် ယင်းမာပင်မြို့အခြေစိုက် နဂါးညီနောင်အထူးတပ်ဖွဲ့ (Dragon Brothers Task Force- DBTF)က  မှသတိပေးထားသည်။ စစ်ကောင်စီရေယာဉ်နှစ်စီးသည် ကျောက်မှော်ရွာသို့ရောက်ရှိနေပြီဟု  ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က ယနေ့ နံနက် ၁၀နာရီခန့်တွင်  ထုတ်ပြန်ထားသည်။ 

အဆိုပါစစ်ကောင်စီရိက္ခာတင်ရေယာဉ်များနှင့် စစ်ကြောင်းသည် ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်ပါက ကနီ၊မင်းကင်းနှင့် ကလေးဝမြို့များသို့ ရောက်မည်ဖြစ်၍  ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ ကြိုတင်သတိရှိကြရန် ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်အချ်ို့ကသတိပေးသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required