တရုတ်အစိုးရအကြီးအကဲ ဝမ်ယိနှင့် ထိုင်းဒုဝန်ကြီးချုပ်တို့ ဂျကာတာတွင် မြန်မာအရေးဆွေးနွေးကြောင်း ဗြိတိန်ရှိ တရုတ်သံရုံး သတင်းထုတ်ပြန်

တရုတ်အစိုးရအကြီးအကဲ ဝမ်ယိနှင့် ထိုင်းဒုဝန်ကြီးချုပ်တို့ ဂျကာတာတွင် မြန်မာအရေးဆွေးနွေးကြောင်း ဗြိတိန်ရှိ တရုတ်သံရုံး သတင်းထုတ်ပြန်

တရုတ်နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဝမ်ယိက ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွင်နိုင်းအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင် ၁၄ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း ဗြိတိန်နိုင်ငံ တရုတ်သံရုံးက သတင်းထုတ်ပြန်လိုက်သည်။

ထိုသို့တွေ့ဆုံရာတွင် ဒွန်ပရာမူဒွင်နိုင်းက မကြာမသေးမီက မြန်မာနိုင်ငံသို့ သွားရောက် ဆက်သွယ်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်းအား ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ နိုင်ငံရေးအရ ဖြေရှင်းမှု တိုးမြှင့် လုပ်ဆောင်ရာတွင် တရုတ်အစိုးရသည် အရေးပါသော အခန်းကဏ္ဍတွင် ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိကလည်း မြန်မာနိုင်ငံအရေးအား အာဆီယံ၏ နည်းလမ်းဖြင့် ဖြေရှင်းခြင်း၊ အခြားပြင်ပမှ ကြားဝင်မစွက်ဖက်စေခြင်း၊ သက်ဆိုင်ရာအုပ်စုများအားလုံးက လက်ခံနိုင်သည့် လမ်းပြမြေပုံတစ်ခုအား ဖော်ဆောင်ရေးတို့ကို တရုတ်နိုင်ငံက သဘောတူထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာအရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များ၊ တိုးတက်အောင် လုပ် ဆောင်မှုများကို တရုတ်အစိုးရက အသိအမှတ်ပြုကြောင်း ဝမ်ယိက ပြောကြားသည်။ အာဆီယံ၏ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း၊ အာဆီယံအသိုက်အဝန်း ထူထောင်မှုကို အားပေးကြောင်းနှင့် ကိုယ်ပိုင်နည်းလမ်းဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ဝမ်ယိနှင့် ဒွန်တို့သည် တရုတ်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ မဟာဗျူဟာကျသည့် ဆက်သွယ် ဆောင်ရွက်ရေး၊ ဆက်ဆံရေးတိုးချဲ့ရေး၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ နိုင်ငံတကာဆက်ဆံရေးတွင် အရေးပါသည် အခြေခံစံနှုန်းများကို ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံ နေပြည်တော်သို့ သွားရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ဖမ်းဆီးအကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် မကြာသေးမီ ရက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း အင်ဒိုနီးနားရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ‘အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး’ ၏ သီးခြား ဆွေးနွေးပွဲတွင် သတင်းထောက်များအား ဇူလိုင် ၁၂ ရက်က အတည်ပြု ပြောကြားခဲ့သည်။ ဝမ်ယိသည် တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန် ရာထူးမှ နုတ်ထွက်ပြီးနောက် ဒုတိယအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဇူလိုင် ၂၅ ရက်တွင် ပြန်လည်ထမ်းဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required