လှိုင်သာယာ (၂၀) ရပ်ကွက်ရုံးအနီး ဗုံး ၂လုံးပေါက်ကွဲ

By ကီရာ
30 July 2023
လှိုင်သာယာ (၂၀) ရပ်ကွက်ရုံးအနီး ဗုံး ၂လုံးပေါက်ကွဲ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနော်ရထာ လမ်းမကြီးပေါ်ရှိ အမှတ်( ၂၀ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇူလိုင်လ ၃၀ရက် ညနေ ၆နာရီကျော် ဝန်းကျင်တွင် ဗုံး ၂ လုံး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

လက်တလောတွင် အဆိုပါရုံးအနီးရှိ လမ်းသွယ်များကို ပိတ်ထားပြီး လမ်းမကြီးပေါ် သွားလာနေသည့် ကားများကို စစ်ကောင်စီမှ တားဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

“ လူထိခိုက်မှုတော့ မသိသေးဘူးဗျ။ လမ်းသွယ်တွေကတော့ ပိတ်ထားတယ် ရုံးနောက်ဘက်က လမ်းသွယ်တွေကောပဲ။ လမ်းမကြီးကတော့ ဖွင့်ထားပြီး လာတဲ့ကားမှန်သမျှ အကုန်စစ်နေတယ်။ စစ်ကားတွေ အဲ့ဘက်သွားနေကြတာ တွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင် အမှတ် ( ၂၀) ရပ်ကွက်ရုံး၏ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ကြံ့ခိုင်ရေးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူးသည် ရုံးအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောသည်။

“ပထမအုပ်ကြီးကတော့ ပစ်သတ်လို့ သေပြီ အခုရှိနေတာကတော့ နောက်အုပ်ကြီးပေါ့ ။ အဲ့လမ်းနားမှာကလဲ သူတို့နဲ့ပတ်သက်တဲ့သူတွေပဲ ဆိုင်ကယ်စီးခွင့်ရှိတယ် စီးလို့ရတယ်။ပြီးတော့ အဲ့ရုံးကို စစ်ကောင်စီက လူတွေ ခဏခဏ လာတတ်တယ် ။ တစ်ခါဆိုရင် ကားပေါ်ကဆင်းပြီး ဆိုင်ကယ်တွေနဲ့ အဲ့ဘက်ကို အဲ့ကောင်တွေ နှစ်ယောက်စီ သွားနေတာတွေ့ဖူးတယ်” ဟု ၎င်းက ပြောသည်။

လှိုင်သာယာ မြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ ဧည့်စာရင်းစစ်ဆေးခြင်းများ လုပ်ဆောင်၍ မြို့နေ လူငယ်များကို စစ်ကောင်စီမှ ဖမ်းဆီးခြင်းနှင့် ဆိုင်ကယ်များ ၊ဘေးတွဲဆိုင်ကယ်များကို နေအိမ်အတွင်းထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်းများကို လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly