အိန္ဒိယတွင် ကျားကောင်ရေ ၃,၆၀၀ အထိ ရှိနေပြီး ကမ္ဘာ့ကျားကောင်ရေစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထား

အိန္ဒိယတွင် ကျားကောင်ရေ ၃,၆၀၀ အထိ ရှိနေပြီး ကမ္ဘာ့ကျားကောင်ရေစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထား

အိန္ဒိယ၏ ကျားကောင်ရေပမာဏသည် လက်ရှိတွင် ၃,၆၀၀ ကျော် ရှိသည်ဟု ခန့်မှန်းရကြောင်း အစိုးရက ထုတ်ပြန်သည့် အချက်အလက်သစ်များအရ သိရသည်။ ယင်းသည် မျိုးသုဉ်းအန္တရာယ်ရှိသည့် မျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်သည့် အားထုတ်မှုများကို သက်သေထူလျက် ရှိသည်။

ကျားများသည် တစ်ချိန်က အာရှ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် လှည့်လည်ကျက်စားခဲ့သော်လည်း ပြီးခဲ့သည့် ရာစုနှစ်အတွင်း ၎င်းတို့၏ သမိုင်းဝင် စားကျက်မြေတို့၏ ၉၅ ရာခိုင်နှုန်းနီးပါးကို ဆုံးရှုံးထားခဲ့ရသည်။

လက်ရှိတွင် ကမ္ဘာ့ကျားကောင်ရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် အိန္ဒိယတွင် ရှိနေပြီး အဆိုပါ နိုင်ငံတွင် ကင်မရာ အသုံးပြု စစ်တမ်းကောက်ယူမှုအပြီး ကျားကောင်ရေ ၃,၁၆၇ ကောင် ရှိသည်ဟု ဧပြီလက ထုတ်ဖော်ကြေညာခဲ့သည်။

ယခုအခါ အိန္ဒိယ တောရိုင်းတိရစ္ဆာန် အင်စတီကျူ့၏ တူညီသော စစ်တမ်း ဒေတာများအပေါ် ထပ်မံ အကဲဖြတ်စိစစ်ခွဲခြမ်းမှုအရ နိုင်ငံတစ်ဝန်း ပျမ်းမျှ ကျားကောင်ရေ ၃,၆၈၂ ကောင် ရှိမည်ဟု ခန့်မှန်းရကြောင်း အစိုးရက ဇူလိုင် ၂၉ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

အဆိုပါ ကိန်းဂဏန်းအရ နှစ်စဉ် ကျားကောင်ရေ တိုးပွားမှုနှုန်း ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်ဟု ပြသနေကြောင်း အိန္ဒိယအစိုးရက ပြောသည်။

“လာမယ့် မျိုးဆက်တွေအတွက် အိန္ဒိယရဲ့ ကျားတွေနဲ့ သူတို့ရဲ့ ဂေဟစနစ်တွေရဲ့ အနာဂတ်ကို စိတ်ချရစေဖို့အတွက် ကျားတွေရဲ့ ကျက်စားရာနေရာတွေနဲ့သွားလာရာ လမ်းကြောင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဆက်လက်ကြိုးပမ်းဖို့က အဓိကကျပါတယ်”

၁၉၄၇ ခုနှစ် ဗြိတိန်ထံမှ လွတ်လပ်ရေးရစဉ်အချိန်က အိန္ဒိယတွင် ကျားကောင်ရေ ၄၀,၀၀၀ ခန့်အထိ ရှိခဲ့မည်ဟု ယုံကြည်ရသည်။

ယင်းနောက်ပိုင်း ဆယ်စုနှစ်များအတွင်း အိန္ဒိယ၏ ကျားကောင်ရေသည် ဆက်တိုက်ကျဆင်းပြီး ၂၀၀၂ ခုနှစ်တွင် ကောင်ရေ ၃,၇၀၀ ခန့် ကို ကျဆင်းကာ ယင်းနောက် လေးနှစ်အကြာတွင် ၁,၄၁၁ ကောင်အထိ စံချိန်တင် ကျဆင်းခဲ့သည်။ ယင်းနောက်တွင်မှ ကျားကောင်ရေသည် တဖြည်းဖြည်းချင်း ပြန်လည်တိုးပွားလာခြင်းဖြစ်သည်။

သစ်တောပြုန်းမှု၊ အခွင့်မရှိဘဲ တိရစ္ဆာန် ခိုးဖမ်းမှုနှင့် တိရစ္ဆာန်တို့၏ ကျက်စားရာနေရာများကို လူသားတို့ ချဉ်းနင်းကျူးကျော်မှုတို့ကြောင့် အာရှတစ်ခွင်တွင် ကျားကောင်ရေအပေါ် ထိခိုက်စေခဲ့သည်။

သို့သော် အိန္ဒိယအနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ နိုင်ငံ၏ ထိန်းသိမ်းစောင့်ရှောက်မှု အလေ့အထတို့ကြောင့် ကျားကောင်ရေကို တိုးပွားအောင် လုပ်ထားနိုင်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ဧပြီလတွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly