ချင်းတွင်းမြစ် ဆန်တက်လာသည့်  စစ်ရေယာဉ်တန်း မြစ်နံဘေးကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၊   ၅ ဦး ဒဏ်ရာရ

ချင်းတွင်းမြစ် ဆန်တက်လာသည့်  စစ်ရေယာဉ်တန်း မြစ်နံဘေးကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၊   ၅ ဦး ဒဏ်ရာရ
ပုံအညွှန်း။   ။ ချင်းတွင်းမြစ်အတွင်းခုတ်မောင်းနေသော စစ်ကောင်စီတပ်သင်္ဘောတစင်း (ဓါတ်ပုံ-စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်)

ချင်းတွင်းမြစ်ကို  ဆန်တက်လာသည့် စစ်ကောင်စီ စစ်ရေယာဉ်တန်းသည် ဆားလင်းကြီးမြို့နယ် မြစ်ကမ်းနံဘေးရှိ ရွာများကို  လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရွေကုန်းရွာ ဒေသခံ နှစ်ဦးနှင့်  ဒေသကာကွယ်ရေးရဲဘော် သုံးဦးထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထိုရေယာဉ်တန်းသည် ဇူလိုင်လ ၂၉ ရက် မနက်ပိုင်းက ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်လာချိန်မှစ၍ မြစ်ကမ်းနံဘေးကျေးရွာများကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “ ရွှေကုန်းရွာက ပြည်သူ နှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ မြစ်ကမ်းတစ်လျှောက် မှာ ရှိတဲ့ ရွာတွေ ကတော့ အကုန်ရှောင်ရတာပဲ “  ဟု ပြောသည်။

ကျေးရွာအချို့မှ နေအိမ်များ ပျက်စီးခဲ့ပြီး အိမ်ခေါင်မိုးနှင့် နံရံများတွင်  ကျည်ပေါက်ရာများ တွေ့ရှိရကြောင်း ၎င်းကဆိုသည်။ 

 ရိက္ခာ ၊ စစ်လက်နက်ပစ္စည်းများနှင့် ဆီပေပါများ တင်ဆောင်လာသည့် သင်္ဘော ၆ စီး ၏ နောက်တွင် စစ်သင်္ဘော တစ်စီးက အကာအကွယ်ပေးလိုက်ပါလာပြီး စစ်ကိုင်းတိုင်း ခန္တီးမြို့ အထိသွားနိုင် ကြောင်း ဆားလင်းကြီး ပအဖ အဖွဲ့ ဝင် က ဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ သည် ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် ရိက္ခာ ပို့ဆောင်နေပြီး  မြစ်ကမ်းနံဘေး ကျေးရွာများကို ပစ်ခတ်သွား၍  မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ  စစ်ရှောင်နေရကြောင်း သိရသည်။ 

 စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly