ချင်းတွင်မြစ်အတွင်း လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် စစ်ကောင်စီရေယာဉ်တန်း တိုက်ခိုက် ခံရ

By ပါခွီး (မဇ္ဈိမ)
30 July 2023
ချင်းတွင်မြစ်အတွင်း လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် စစ်ကောင်စီရေယာဉ်တန်း တိုက်ခိုက် ခံရ

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင် လာသော စစ်ကောင်စီရေယာဉ်တန်းကိုတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group က ထုတ်ပြန် သည်။

စစ်ကောင်စီရေယာဉ်ခုနစ်စီးအနက် နောက်ဆုံးမှရေယာဉ်ကို ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၂၁ မိနစ်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေယာဉ်တန်းအား နေရာသုံးနေရာတွင် မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် များဖြင့်လည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ကျနော်တို့ မိနစ် ၂၀ ကြာ ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီဖက်က သေဆုံးဒဏ်ရာရတဲ့ စာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု Chindwin Fighter Group တာဝန်ခံငှက်ခါးက မဇ္စျိမကိုပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရအရေအတွက်ကို မသိရှိရသော်လည်း ရေယာဉ်ပေါ်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် ကလေးငယ်တဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group ဦးဆောင်၍ Farmers Revolution Force -3 မုံရွာခရိုင် တပ်ရင်း (၁၀) ၊ Brave Heart Army (BHA) မုံရွာခရိုင်တပ်ရင်း(၉) တပ်ခွဲ(၃) နှင့် ဗန္ဓုလနှင့် အဖွဲ့သားများမှ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်အာဏာရှင်စနစ်ကျဆုံးစေရေအတွက် တိုက်ပွဲဝင်ရာတွင် လိုအပ်သော လက်နက်ခဲယမ်းများ ဝယ်ယူ ရန်အတွက် မိဘပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းပေးကြပါရန် Chindwin Fighter Group က အသိပေး မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သော ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် ကလည်း လက်နက်ခဲယမ်း၊ ရိက္ခာများ တင်ဆောင် လာသောရေယာဉ်နှစ်စီးကို ချင်းတွင်းမြစ်ကြောင်းတနေရာတွင် Chindwin Fighter Group နှင့် မဟာမိတ် များက မိုင်း ၁၀ လုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရှိသူများရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းတွင်းမြစ်

#စစ်ကောင်စီရေယာဉ်တန်း

#Chindwin_Fighter_Group

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly