မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေး သေဆုံး

By MTO (မဇ္ဈိမ)
30 July 2023
မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေး သေဆုံး

စစ်ကိုင်းတိုင်း၊  မုံရွာမြို့ တောင်ဘက်ရှိ တင်ဝင်းထွန်းခြံဝင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ က မအူကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အသက် ၁၅ နှစ်အရွယ် မထက်အိကို ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသမီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၆၀ မမ လက်နက်ကြီးဖြင့် မအူကျေးရွာအတွင်းသို့ တစ်ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက် လုပ်ငန်းအဖွဲ့ ခေါင်းဆောင်  ကိုစိုးဝင်းဆွေက ပြောသည်။

၎င်းက “ ပစ်တာက ၆၀ မမ လက်နက်ကြီးနဲ့ တစ်ချက်ပစ်ခတ်ခဲ့တာ အရပ်သားပြည်သူတွေနေတဲ့ အိမ်ပေါ်ကျပြီး သမီးလေး ထက်အိကို နေအိမ်ထဲမှာပဲ သေဆုံးသွားတယ် ။ အသက် ၄၀ ကျော် အမျိုးသမီး သုံးဦး ဒဏ်ရာရရှိသွားတယ်” ဟုပြောသည်

ဒဏ်ရာရရှိသွားသည့် အမျိုးသမီး သုံးဦးကို ဆေးကုသမှုခံယူနေပြီး နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေ ဖြစ်ကြောင်းဒေသခံများထံက သိရသည်။

 ထိုစစ်ကောင်စီတပ်ဖွဲ့ သည် တပ်စု တစ်စု  ( ဦးရေ ၃၀)ခန့် အင်အားရှိပြီး အနီးအနားရှိ ကျေးရွာများ ၊ ကွမ်းခြံများ နှင့် စိုက်ခင်းများ ဘက်သို့ မကြာခဏဆိုသလို လက်နက်ကြီး ဖြင့် ပစ်ခတ်လေ့ရှိကြောင်း  ကိုစိုးဝင်းဆွေက ဆိုသည်။

“  လက်နက်ကြီးနဲ့ မကြာခဏ ပတ်ဝန်းကျင်ကို လိုက်ပစ်တာတွေ ဘာတိုက်ပွဲမှ မရှိဘဲ အကြောင်းမဲ့ သက်သက်ပစ်ခတ်တာတွေ ။  နောက်တစ်ခါ လမ်းပေါ်မှာသွားနေတဲ့ခရီးသွားပြည်သူတွေကို တားပြီးတော့ စစ်ဆေးတာတွေ။  နောက်ဆုံးဗျာ အမျိုးသမီးတွေ ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန် ၊ ကျောင်းသွား၊  ကျောင်းပြန် ရှိတုဲ့ အမျိုးသမီးတွေကို  ကာယိန္ဒြေ ပျက်ပြားအောင်ဆောင်ရွက်တာတွေ ရှိတယ်” ဟုပြောသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့သည်  ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်ကလည်း မအူကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မအူကျေးရွာ
#တင်ဝင်းထွန်းခြံ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly