မုံရွာမြို့နယ်က နမခ ဝန်းထဲသို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
30 July 2023
မုံရွာမြို့နယ်က နမခ ဝန်းထဲသို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ဝန်းထဲသို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်ဟု မုံရွာခရိုင်အမှတ်(၅)တပ်ရင်းထံက သိရသည်။

ဇူလိုင်လ ၂၈ ရက် နေ့လယ် ၂ နာရီ အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မုံရွာခရိုင်အမှတ်(၅)တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

“သတိပေးတဲ့အနေနဲ့ သူတို့ကို ပစ်ခတ်တိုက်ခိုက်တာပါ။ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု မုံရွာခရိုင် အမှတ်(၅) တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးပါက အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စီစဉ်နေသည့်အပြင် လက်နက်ကြီးများပါ ပစ်ခတ်မှုပြုလုပ်နေသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၅) တပ်ရင်း ( Aung San Force ) ၊ မုံရွာ ပ.က.ဖ နှင့်အတူ မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ နမခ ကို တိုက်ခိုက်မှုမှာ မုံရွာခရိုင် အမှတ်(၅)တပ်ရင်းအနေဖြင့် သုံးကြိမ်မြောက် ဖြစ်ပြီး ယခင်တိုက်ခိုက်မှုများတွင် စစ်ရေးအရ ထုတ်ပြန်ရန် ခရိုင်ကွပ်ကဲရေးမှူးများ၏ အမိန့်မရရှိခဲ့သည့်အတွက် မထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း Aung San Force တပ်ဖွဲ့ထံက သိရသည်။

မုံရွာခရိုင်အမှတ်(၅) တပ်ရင်းအနေဖြင့် မြို့တွင်းစစ်ဆင်ရေးများနှင့် အခြားသော စစ်ဆင်ရေးများ ကိုဆက်လက် လုပ်ဆောင်နိုင်ရေးအတွက် ခဲယမ်းဝယ်ယူရန် ငွေကြေးအခက်အခဲရှိနေကြောင်း ယင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#အရာရှိလိုင်းခန်း

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly