ချင်းတွင်း မြစ်ကြောင်းတွင် ရိက္ခာနှင့် လက်နက် သယ်လာသည့် စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
30 July 2023
ချင်းတွင်း မြစ်ကြောင်းတွင် ရိက္ခာနှင့် လက်နက် သယ်လာသည့် စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရ

ဆားလင်းကြီးမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း ကျဉ်းတစ်နေရာတွင် စစ်ကောင်စီတပ်၏ ရိက္ခာ နှင့် လက်နက်များ သယ်လာသည့် ဖလပ်ခွံ ရေယာဥ် သုံးစီးနှင့် စစ်သင်္ဘော တစ်စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့ထံက သိရသည်။

ထိုရေယာဥ်များသည် ရန်ကုန် - ဒလဆိပ်ကမ်းမှ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( န.မ.ခ) သို့ ထွက်ခွာလာခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်က ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ပြီးနောက် မိနစ် ၄၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောာင်း Hero Fighter တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

“ ကျနော်တို့ဘက်က ရှေ့ထွက်ပြောင်းတိုက်တွေ အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။ စစ်သား ထိခိုက်သေဆုံးမှူ နဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပါဘူး” ဟု ၎င်း ကဆိုသည်။

Hero Fighter (Salingyi) ၊ Chindwin Dynamite (Salingyi) ၊ Fighter 9 Force ၊ တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့ နှင့် ဒေသတွင်း မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် နှစ်ဦး (မစိုးရိမ်ရ ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိသည်။

စစ်ကောင်စီတပ် စစ်သင်္ဘောက ချင်းတွင်း မြစ်ကြောင်းတစ်လျှောက် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ သုံးဦး လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ထံက သိရပါသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် ချင်းတွင်းမြစ်ကြောင်း ရေတိုးလာချိန်တွင် ရေကြောင်း အသုံးပြု၍ ရိက္ခာ နှင့် စစ်သုံးပစ္စည်းများ သယ်ယူကာ စစ်ကိုင်းတိုင်း အထက်ပိုင်းသို့ စစ်အင်အား ဖြည့်တင်းလျက်ရှိသည်။

ဇူလိုင်လ ၇ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ နယ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ် အမြန်ရေယာဉ်များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တို့ သုံးရက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#Hero Fighter (Salingyi)

#ချင်းတွင်းမြစ်ကြောင်း

#စစ်ကောင်စီတပ်ရေယာဥ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly