ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ် တို့တွင် ရေကြီးရေလျှံမှု ထပ်ကြုံရ

By ဂျူချန်း (မဇ္ဈိမ)
29 July 2023
ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ် တို့တွင် ရေကြီးရေလျှံမှု ထပ်ကြုံရ

မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ် နှင့် ပေါင်မြို့နယ် တို့တွင် ယနေ့ ဇူလိုင်လ ၂၉  ရက်၌ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံခြင်း ထပ်မံဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ရေးမြို့နယ်၊ ဟံဂံကျေးရွာတွင် ယမန့်နေ့ ဇူလိုင်လ ၂၈ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ယနေ့ နံနက် ၄နာရီခန့်တွင် ရေစတင်မြင့်တက်လာကာ လက်ရှိ ညနေ ၃နာရီအချိန်တွင် အချို့နေရာများ၌ လူအရပ်တစ်ရပ်စာ နစ်မြုပ်နေပြီဖြစ်ကြောင်း ဟံဂံကျေးရွာနေထိုင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဓါတ်ပုံ-Banyar Aung Myat Thu , ပုံစာ-ဇူလိုင်လ ၂၉ ရက်နေ့ ရေး၊ဟံဂံကျေးရွာ ရေကြီးနေစဉ်
 

“ရေက အများကြီးဖြစ်နေပြီ။ ရင်ညွန့်လောက်ရှိတယ်။ အနိမ့်ပိုင်းတွေမှာ လူတောင်မြုပ်တယ်။ မနေ့က မိုးတနေကုန်ရွာတယ်။ အခုလည်း မိုးကြီးနေတယ်။ ဒီအတိုင်းဆက်ကြီးနေရင်မလွယ်ဘူး။  အခုရေမြုပ်တဲ့အိမ်တွေလည်း အများကြီးရှိတယ်” ဟု ဟံဂံရွာနေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဟံဂံကျေးရွာ၏ အနိမ့်ပိုင်းနေရာများတွင် နေအိမ်အပေါ်ထပ်အထိ ရေရောက်နေပြီဖြစ်ပြီး ဒေသခံများသည် ထိုင်ခုံများနှင့် စားပွဲခုံများပေါ်တွင် တက်နေကြရကာ ပြောင်းရွှေ့ခြင်းကိုမူ မပြုလုပ်ကြသေးကြောင်း သိရသည်။

ဓါတ်ပုံ-Banyar Aung Myat Thu , ပုံစာ-ဇူလိုင်လ ၂၉ ရက်နေ့ ရေး၊ဟံဂံကျေးရွာ ရေကြီးနေစဉ်

အလားတူ သံဖြူဇရပ်မြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် (၁၁) ရပ်ကွက် ကိုးနဝင်းပိုင်း၊ ကျောင်းပိုင်းရပ်ကွက် တို့တွင်လည်း ရေကြီးရေလျှံခြင်း ဖြစ်ပွားနေပြီး သံဖြူဇရပ်-ကျိုက်ခမီ ကားလမ်း ကွာန်သတ် ကျေးရွာအနီး အဇင်းပေါင်းတံတားတွင် တောင်ကျရေကြောင့် ကားလမ်းရေကျော်သဖြင့် ယနေ့ နံနက် ၁၁နာရီခန့်အထိ ကားများ သွားလာ၍ မရကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

“အဇင်းတံတားမှာ ကားတွေဖြတ်မရလို့ ကယ်ဆယ်ရေးတွေ ကူရတယ်။ မနက်ပိုင်းက ကားတွေဖြတ်နေကြတာ ရေတွေဝင်တော့ ရပ်ရပ်သွားတယ်။ ကားမကောင်းတဲ့သူကတော့ မဖြတ်ဘူးပြန်သွားကြတယ်။ ၁၁နာရီဝန်းကျင်လောက်မှ စိတ်ချလက်ချ ဖြတ်ရဲကြတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ယနေ့မနက်အခြေအနေကို မဇ္ဈိမကိုပြောသည်။

ဓါတ်ပုံ-Banyar Aung Myat Thu , ပုံစာ-ဇူလိုင်လ ၂၉ ရက်နေ့ ရေး၊ဟံဂံကျေးရွာ ရေကြီးနေစဉ်

အလားတူ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ကြားရှိ သိမ်ဆိပ်ရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမတွင်လည်း ကားလမ်းရေကျော်နေကြောင်း ခရီးသွားတစ်ဦးထံက သိရသည်။

မိုးသည်းထန်မှုကြောင့် ယနေ့တွင် ပေါင်မြို့နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တို့၌ ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေသဖြင့် ဈေးဆိုင်အချို့ ပိတ်ထားရကြောင်း မြို့ခံများက ပြောသည်။

ဓါတ်ပုံ-Banyar Aung Myat Thu , ပုံစာ-ဇူလိုင်လ ၂၉ ရက်နေ့ ရေး၊ဟံဂံကျေးရွာ ရေကြီးနေစဉ်

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်ကလည်း မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ မုဒုံ၊ ရေး တို့တွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားကာ  ဒေသခံလေးဦး ရေနစ်သေဆုံးခဲ့ရပြီး မွန်ပြည်နယ်အတွင်းရှိ အချို့နေရာများတွင် လမ်းတံတားပြိုခြင်း၊ အုတ်တံတိုင်းပြိုကျခြင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့‌ သေးသည်။

ဓါတ်ပုံ-Banyar Aung Myat Thu , ပုံစာ-ဇူလိုင်လ ၂၉ ရက်နေ့ ရေး၊ဟံဂံကျေးရွာ ရေကြီးနေစဉ်

ဇူလိုင်လ နောက်ဆုံးအပတ်တွင် မုတ်သုံလေအားကောင်းမှုကြောင့် မိုးပိုနိုင်ပြီး မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားကြရန် NUG-MOHADM က သတိပေးထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly