ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းများအားလုံး လွတ်မြောက်ရန်နှင့် တိုင်းရင်းသားရေးရာကော်မတီ တိုးချဲ့ဖွဲ့စည်းရန် NLD လုပ်ဆောင်မည်

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းများအားလုံး လွတ်မြောက်ရန်နှင့် တိုင်းရင်းသားရေးရာကော်မတီ တိုးချဲ့ဖွဲ့စည်းရန် NLD လုပ်ဆောင်မည်

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးကျဉ်းသားများအားလုံး အမြန်လွတ်မြောက်ရန် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းမည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

 ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီတွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလ ဒုတိယအကြိမ် အစည်းအဝေးကို Zoom မှတစ်ဆင့်ကျင်းပရာ ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အလေးအနက် ယုံကြည်သဖြင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု NLD ဗဟိုအလုပ် ကော်မတီက ထုတ်ပြန်သည်။

ထို့ပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းရင်းသားရေးရာ  ကော်မတီကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စသည့်အချက်များ အပါအဝင် ဆုံးဖြတ်ချက် ခုနစ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဗဟိုအလုပ်ကော်မတီ အစည်းအဝေးကို NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုကော်မတီဝင် ၄၄ ဦး၊ အရံဗဟိုကော်မတီဝင် ၁၀ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၀ ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၈ ဦး စုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့သည်ဟု NLD က ထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly