ရေစကြိုမှာ လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

By MTO (မဇ္ဈိမ)
29 July 2023
ရေစကြိုမှာ လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်
ဓါတ်ပုံ - Wetlet Information Network ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် စစ်ရေယာဉ်တန်းကိုတွေ့ ရစဉ် ပုံဟောင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ရေယာဉ်တန်းကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဆိုသည်။

“ တပ်မ (၁၀၁)က စစ်သားတွေနဲ့ ဆင်ချောင်းက ပျူတွေ အင်အား ၂၀ လောက်နဲ့ စစ်သင်္ဘော ငါးစီးကို ကာဗာပေးပြီး အပြန်မှာ ငါးလုံးတွဲမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ နှစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာ ရတယ်လို့ သိရတယ်” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူက ပြောသည်

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒဏ်ရာရရှိသည့် ၎င်းတို့၏တပ်ဖွဲ့ဝင်များအား ဆင်ချောင်းကျေးရွာအတွင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဥ် ငါးစီးသည် ပခုက္ကူမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီးနောက် ချင်းတွင်းမြစ်အတွင်းသို့ ဝင်ရောက်ကာ အထက်သို့ ဆန်တက်လာနေခြင်းဖြစ်ကြောင်း ရေစကြို ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ရေစကြိုမြို့နယ်ရှိ ရှင်မတောင် တောင်ပေါ်တပ်စခန်းသို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် သုံးဦးသေဆုံးသွားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required