ကပ်ရောဂါကာလအလွန် စီးပွားရေး ပြန်လည် နာလန်ထမှု အားနည်းသည့် တရုတ်ထက် အိန္ဒိယ၏   အလားအလာ ကို IMF က ပိုမို မျှော်လင့်

ကပ်ရောဂါကာလအလွန် စီးပွားရေး ပြန်လည် နာလန်ထမှု အားနည်းသည့် တရုတ်ထက် အိန္ဒိယ၏   အလားအလာ ကို IMF က ပိုမို မျှော်လင့်

အိန္ဒိယ စီးပွားရေးအခြေအနေသည် ပိုမိုကောင်းမွန်လာဖွယ်ရှိကြောင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှု အနည်းငယ် မြင့်တက်လာသည့်အချက်ကို ကိုးကား၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်လိုက်ပြီး ကပ်ရောဂါကာလအလွန်တွင် တရုတ် ပြန်လည်နာလန်ထမှုမှာ နှေးကွေးသွားကြောင်း သတိပေးလိုက်သည်ဟု   Nikkei Asia က ဖော်ပြသည်။

IMF ၏ ဇူလိုင် အတွက် ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက် အရ အိန္ဒိယသည် ယခုနှစ်တွင် စီးပွားရေး တိုးတက်မှု ၆ ဒသမ ၁ ရာခိုင်နှုန်း ဖြင့် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးဖြစ်နေဆဲဖြစ်ပြီး   ဧပြီလ ခန့်မှန်းချက်မှ ၀ ဒသမ၂  ရာခိုင်နှုန်း အထိ တိုးလာသည်။

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ ၆ ပုံ ၁ ပုံခန့်ကို အိန္ဒိယက  ပံ့ပိုးပေးမည် ဟု IMF က ခန့်မှန်းထားသည်။ ခိုင်မာသော ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှ ၂၀၂၂ အထိ မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းလာကြောင်း Nikkei Asia က ဇူလိုင် ၂၅ တွင် ထုတ်ပြန်သည်။

တရုတ်သည် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ဒုတိယအတိုးတက်ဆုံး အဖြစ် ၅ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည် ဖြစ်သော်လည်း ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် နာလန်ထမှု နှေးကွေးနေကြောင်း IMF က ဖော်ပြသည်။ 

IMF က ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှုန်း ကို ၃ ရာခိုင်နှုန်း မျှော်မှန်းခဲ့ရာတွင် ဧပြီ မှ စ၍ ၀ ဒသမ ၂ ရာခိုင်နှုန်း  အထိ တက်လာသော်လည်း ၂၀၂၂ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မှုထက် လျော့နည်းနေသေးသည်။

IMF က စွန့်စားရမှုများကြောင်း အသိအမှတ်ပြုထားသော အိမ်ခြံမြေလုပ်ငန်းကို ကူညီပေးရန် တရုတ်ပေါ်လစ်ဗျူရိုက အရိပ်အမြွက်ပြောပြီး နောက်တစ်နေ့တွင် ယခုကဲ့သို့ သတင်းအချက်အလက် များ ထွက်ပေါ်လာခြင်းဖြစ်သည်။ "တရုတ်က စီးပွားရေးပြန်ဖွင့်ပြီးနောက် ပြန်လည်နာလန်ထူလာမှု နှေးကွေးသွားတဲ့ အရိပ်အယောင်တွေ ပြသနေပြီး အိမ်ခြံမြေကဏ္ဍနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်တယ်” ဟု IMF မှ စီးပွားရေးပညာရှင် ပီးယား အိုလီဗီယား ဂူရင်းချက်စ် က ပြောကြားသည်။

အိမ်ခြံမြေပြဿနာများအပြင် ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်းကြောင့် တရုတ်ကုန်ပစ္စည်းဝယ်လိုအား လျော့နည်းလာ၍ တိုးတက်မှု အလားအလာကို ပိုမိုကျဆင်းစေသည်။

"အထူးသဖြင့်  ကြိုတင်ရောင်းချထားတဲ့ အိမ်ခြံမြေတွေကို မိသားစုတွေကို ပေးအပ်လိုက်တာက သူတို့ကို ပိုပြီး ပံ့ပိုးကူညီ ရာ ရောက်တယ်။ အဲ့လိုလုပ်တာက အမှန်တကယ်ယုံကြည်မှုတွေကို မြှင့်တင်နိုင်ပြီး ပြည်သူတွေရဲ့ သုံးစွဲမှုတွေကို ပိုမိုအားကောင်းစေလာမယ်။ ဒေသတွင်း အတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှု တွေ အမှန်တကယ်ဖြစ်လာနိုင်တယ်" ဟု IMF သုတေသန ဌာနမှ လေ့ဖ် က ပြောသည်။

အဆင့်မြင့် စီးပွားရေး ကဏ္ဍများ တိုးတက်မှု နှေးကွေးနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအတွက် ယခုနှစ်အတွင်း အထူးသဖြင့် အာရှရှိ ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် မောင်းနှင်အား ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း IMF က ဖော်ပြခဲ့သည်။

IMF သည် ယခုနှစ် အာရှတွင် ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေး တိုးနှုန်း ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးလာရန် လျာထားပြီး ၂၀၂၂ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အာဆီယံ ၅ နိုင်ငံ ဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းတို့ သည် ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။ 

ထို့အတူ အမေရိကန်သည် ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်လင့်ရပြီး အီးယူ နိုင်ငံများ သည် ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၀ ဒသမ ၉ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ယခုနှစ်တွင် ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားပြီး ၎င်းသည် ၂၀၂၃ တွင် အဆင့်မြင့် စီးပွားရေး ကဏ္ဍများထဲမှ  တစ်ခု တိုးတက်လာနိုင်မည် ဟု မျှော်လင့်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ် - ၁၉ ကျန်းမာရေး အရေးပေါ်အခြေအနေ ပြီးဆုံးသွားပြီဟု ကြေညာထားပြီး စီးပွားရေးလုပ်ငန်းများသည် ခန့်မှန်းထားသည်ထက် ပိုမိုကောင်းမွန်လာ၍ အမေရိကန်နှင့် ဆွစ်ဇာလန် တွင် အလျှင်အမြန် ကြိုးစား လုပ်ဆောင်မှုကြောင့် ဘဏ်လုပ်ငန်း အကျပ်အတည်း အပေါ် စိုးရိမ်မှုများ လျော့ကျသွားခဲ့ ကြောင်း IMF  က ဧပြီ တွင် ထုတ်ပြန်သည်။

"ဒါပေမယ့် ယခင် စံနှုန်း တွေ အရဆိုရင် တိုးတက်မှုနှုန်းက နိမ့်ကျနေသေးတယ်။ အချို့ ဆိုးရွားတဲ့ စွန့်စားရမှု အန္တရာယ် တွေက နေ အတိုင်းအတာတစ်ခုအထိ လျော့ကျသွားပေမယ့် အကျဘက်ကို ဟန်ချက်က စောင်းနေသေးပြီး ဂုဏ်ပြုရန် စောလွန်းသေးတယ်" ဟု ဂူရင်းချက်စ် က ပြောကြားခဲ့သည်။

အစားအစာနှင့် စွမ်းအင်ကဏ္ဍများ မှ အပ ငွေကြေးဖောင်းပွမှု လျော့ကျသွားသော်လည်း အဓိကငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်များ ခန့်မှန်းထားသော အနေအထား၏ အထက်တွင် ဆက်လက်တည်ရှိနေပြီး ယခုနှစ်အတွင်း အဆင့်မြင့်စီးပွားရေးကဏ္ဍများတွင် မပြောင်းလဲဘဲ ဆက်လက်ရှိနေမည်ဟု IMF က ခန့်မှန်းထားသည်။

"ရှင်းပါတယ်။ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ မအောင်မြင်သေးပါဘူး" ဟု ဂူရင်းချက်စ် က ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးသည် ယခုနှစ် ပထမနှစ်ဝက်တွင် ဘေးအန္တရာယ်များကြောင့် ကြုံတွေ့ရနိုင်ချေရှိသော အဆိုးရွားဆုံး အခြေအနေများကို ရှောင်ရှားနိုင်ခဲ့သော်လည်း အလုံးစုံသော ဟန်ချက်ညီမှုအားသည် အကျဘက်သို့သာ သွားနေဆဲ ဟု ခံစားရကြောင်း IMF က ဆိုသည်။ 

ရေရှည်တွင် ရာသီဥတုပြောင်းလဲမှုနှင့် ပထဝီဝင်နိုင်ငံရေး အကွဲကွဲအပြားပြား နှင့် ပတ်သက်၍ သတိပေးချက်များကို IMF က ထုတ်ပြန်ထားပြီး အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများသည် ရန်လိုသော ပြိုင်ဘက် စီးပွားရေးအုပ်စုများအဖြစ် ခွဲထွက်နိုင်ကြောင်း သတိပေးထားသည်။

" နိုင်ငံတွေကြားမှာ ပထဝီဝင်အနေအထား နီးစပ်မှုထက် ပထဝီနိုင်ငံရေး နီးစပ်မှုကနေ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနေတာကို ကျွန်တော်တို့ မြင်နေရပြီ။ ဒါကြောင့် အိမ်နီးခြင်းထက် ပထဝီဝင်နိုင်ငံရေးအရ နီးစပ်တဲ့ နိုင်ငံတွေမှာ ပိုရင်းနှီးမြှုပ်နှံဖို့ အလားအလာရှိပါတယ်" ဟု ဂူရင်းချက်စ် က ပြောကြားသည်။

ရာသီဥတုပြောင်းလဲမှုနှင့် ပထဝီဝင်နိုင်ငံရေးအရ အကွဲကွဲအပြားပြားဖြစ်နေခြင်းသည် ပေါင်းစည်းလုပ်ဆောင်သော ကမ္ဘာ့စီးပွားရေးနှင့် တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုအပေါ် မှီခိုနေရသည့် ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို အချိုးမညီမျှစွာ သက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားသည်။

"အဆိုပါ ပြဿနာများအားလုံးတွင် နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှုသည် အားလုံးအတွက် ဘေးကင်းပြီး သာယာဝပြောသော စီးပွားရေးကို သေချာစေရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်နေဆဲဖြစ်သည်" ဟု ဂူရင်းချက်စ် က Nikkei Asia သတင်းတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required