စင်ကာပူတွင် နှစ် ၂၀ အတွင်း ပထမဆုံးအဖြစ် အမျိုးသမီး ၁ ဦးအား သေဒဏ်ပေးကွပ်မျက်

စင်ကာပူတွင် နှစ် ၂၀ အတွင်း ပထမဆုံးအဖြစ် အမျိုးသမီး ၁ ဦးအား သေဒဏ်ပေးကွပ်မျက်
Photo-AFP

စင်ကာပူနိုင်ငံတွင် နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအဖြစ် မူးယစ်ဆေးဝါး ကုန်ကူးမှုဖြင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား သောကြာနေ့တွင် သေဒဏ်ပေးကွပ်မျက်လိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။

သေဒဏ်အပြစ်ပေးခြင်းသည် ရာဇဝတ်မှုများအပေါ် ဟန့်တားနိုင်သည်ဟု သက်သေမရှိကြောင်း ငြင်းဆိုထားသည့် လူ့အခွင့်အရေးအုပ်စုများမှ မေတ္တာရပ်ခံနေသည့်ကြားမှ ယခု သေဒဏ်ကို စီရင်လိုက်ခြင်းပဲ ဖြစ်သည်။

“ဆာရီဒီဝီ ဘင်တီ ဂျာမာနီကို ၂၀၂၃ ဇူလိုင် ၂၈ ရက်မှ သေဒဏ်ပေးလိုက်ပါတယ်”ဟု ဗဟိုမူးယစ်ဆေးဝါးဗျူရို၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သူသည် ဘိန်းဖြူ ၃၀ ဒသမ ၇၂ ဂရမ်ခန့်ကို မှောင်ခိုကုန်ကူးခြင်းကြောင့် သေဒဏ်ချမှတ်ခံရခြင်း ဖြစ်ကာ စင်ကာပူတွင် သေဒဏ်ပေးနိုင်သော ဘိန်းဖြူပမာဏ၏ နှစ်ဆကျော် ရှိခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်က ပြစ်ဒဏ်ချထားသည့် ဂျာမာနီသည် “ဥပဒေအောက် စီရင်ခြင်းကို အပြည့်အဝ သဘောတူပြီး တရားစီရင်မှု လုပ်ငန်းစဉ်တစ်လျှောက် ဝတ်လုံတော်ရရှေ့နေများက ကိုယ်စားပြု အမှုလိုက်လံပေးခဲ့ကြောင်း” ဗျူရိုက ပြောသည်။

“သူ့ရဲ့ စီရင်ချက်နဲ့ ပြစ်ဒဏ်ကို သူက အသနားခံစာ တင်ထားတယ်၊ ၂၀၂၂ အောက်တိုဘာ ၆ ရက်မှာ သူ့ အသနားခံစာကို အယူခံရုံးက ပယ်ချခဲ့တယ်”ဟု ဗျူရိုက ပြောပြီး သမ္မတထံ သက်ညှာခွင့် လျှောက်ထားခြင်းကိုလည်း ပယ်ချခံရကြောင်း ဖြည့်စွက်ဆိုသည်။

ဂျာမာနီသည် ၂၀၀၄ ခုနှစ်မှနောက်ပိုင်းတွင် စင်ကာပူ၌ သေဒဏ်ပေးခံရသည့် ပထမဆုံး အမျိုးသမီးပဲ ဖြစ်ကြောင်း၊ ၂၀၀၄ ခုနှစ်က ယန်မေဝန်းဆိုသည့် အမျိုးသမီးကို မူးယစ်ဆေးဝါး ကုန်ကူးမှုဖြင့် သေဒဏ်ပေးခဲ့ကြောင်း စင်ကာပူအကျဉ်းဦးစီးဌာနက အေအက်ဖ်ပီသို့ အီးမေးလ်မှတစ်ဆင့် ပြောသည်။

ယန်းသည် အသက် ၃၆ နှစ်အရွယ် ဆံပင်ညှပ်သူတစ်ဦးဖြစ်ကြောင်း မီဒီယာသတင်းများအရ သိရသည်။

COVID-19 ကပ်ဘေးအတွင်း နှစ်နှစ်တာ ရပ်ဆိုင်းထားသော သေဒဏ်စီရင်ခြင်းကို ၂၀၂၂ မတ်လတွင် အစိုးရက ပြန်လည်ကျင့်သုံးချိန်မှစပြီး သောကြာနေ့က ဂျာမာနီအား သေဒဏ်ပေးခြင်းသည် ကြိုးစင်သို့ ၁၅ ယောက်မြောက် အကျဉ်းသားအဖြစ် ပို့ဆောင်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဌာနေအမျိုးသား အသက် ၅၇ နှစ်ရှိသူ မွတ်အဇစ်ဘင်ဟူစိန်ဆိုသူကို ဘိန်းဖြူ ၅၀ ဂရမ်ခန့် ကုန်ကူးမှုဖြင့် သေဒဏ်ပေးခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required