ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ စစ်‌ကောင်စီကို ဝင်ငွေရှာပေးနေသည့် ထုတ်ကုန်များကို သိမ်းဆည်းဖျက်ဆီး

By ကိုခင်မောင် (မဇ္စျိမ)
29 July 2023
ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ စစ်‌ကောင်စီကို ဝင်ငွေရှာပေးနေသည့် ထုတ်ကုန်များကို သိမ်းဆည်းဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်‌ကောင်စီကို ဝင်ငွေရှာပေးနေသည့် ထုတ်ကုန်များကို သိမ်းဆည်းဖျက်ဆီးလိုက်သည်ဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယမန်နေ့ ဇူလိုင်လ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ ထိန်းချုပ်နယ်မြေတစ်နေရာရှိ ကုန်စုံဆိုင်ကြီးများသို့ ဇူလိုင်လ ၁၈ရက်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဒဂုန်ဘီယာ၊ One tea နို့ဆီ၊ UK နို့ဆီ နှင့် ကြံ့တံဆိပ် ဘိလပ်မြေများအား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ဒီထုတ်ကုန်တွေဟာ ပြည်သူတွေကို ပစ်သတ်မယ့် ကျည်ဆန်တွေ ဖြစ်ပါတယ်။ ကျည်ဖိုးတွေမို့ အခုလိုဖျက်ဆီးတာပါ။ ကာလတန်ဖိုး သိန်း ၁၀၀ခန့်တန်ဖိုးရှိပါတယ်။ ထုတ်ကုန်တွေ ရောင်းချတဲ့သူတွေတော့  ဖမ်းဆီးအရေးယူပြီး စည်ပင်ကော်မတီကို အပ်နှံပါတယ်” ဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ)မှ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

အဆိုပါ စစ်ဆေးဖမ်းဆီး ဖျက်ဆီးမှုကို ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ)၊  ပြည်သူ့ ရဲတပ်ဖွဲ့ (တောင်ပိုင်း)၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ)၊ကလေး PDF ရင်း(၅) အဖွဲ့၀င် ရဲ‌ဘော်များ နှင့် ရပ်ကျေး (ပအဖ)များ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် စစ်ကောင်စီအား ဝင်ငွေရှာပေးနေသည့် ထုတ်ကုန်များကို ယခုကဲ့သို့ ရှောင်တခင် ဖမ်းဆီး၊ဖျက်ဆီးမှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း မိဘပြည်သူများသို့ အသိပေးထားသည်။

“စကစ(စစ်ကောင်စီ)ထုတ်ကုန်များကို မဖြစ်မနေရှောင်ရှားကြဖို့ အလေးအနက် ထပ်မံ အသိပေးအပ်ပါတယ်။ ဖမ်းဆီး၊ ဖျက်ဆီးအရေးယူမှုတွေကို  ဆက်လက် လုပ်ဆောင်သွားကြမှာပါ” ဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) တာဝန်ရှိသူက ပြောသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းများပေးပို့ခြင်း၊ တိုင်တန်းခြင်း၊ အကျိုးတူစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကို လုံးဝ(လုံးဝ) လုပ်ဆောင်ခြင်း မပြုလုပ်ရန်လည်း ဇူလိုင်လ ၂၀ရက်တွင် ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly