မုပ္ပလင်လမ်းဆုံရှိ  စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုရှိ

By YT  (မဇ္ဈိမ)
29 July 2023
မုပ္ပလင်လမ်းဆုံရှိ  စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုရှိ
ဓါတ်ပုံ- မုပ္ပလင်ကျေးရွာအဝင်ဆိုင်းဘုတ် (လူမှုကွန်ယက်)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်စခန်းအား ယမန်နေ့ ဇူလိုင်လ ၂၈ရက် မွန်းလွဲ ၁နာရီအချိန်ခန့်တွင် တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ (၁) သတင်းရင်းမြစ်ထံက သိရသည်။ 

"မုပ္ပလင်လမ်းဆုံဂိတ်ကို ကျွန်တော်တို့ဘက်ကနေ စပြီးတော့ RPG၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားပစ်တာပေါ့၊ အဲ့ဒီမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ ၁၅ မိနစ်လောက်တော့ ရှိမယ်" ဟု တပ်မဟာ (၁) မှ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။ 

မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်အား တပ်မဟာ (၁) KNLA၊ ကျောင်းသားတပ်မတော်( ABSDF)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း မုပ္ပလင်လမ်းဆုံ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ဘက်မှလည်း ၆၀မမ၊ ၈၁ မမ ကဲ့သို့သော လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

"ကျွန်တော်တို့ဘက်က နှစ်ဦး မစိုးရိမ်ရဒဏ်ရာ ရပါတယ်၊ ဆေးကုသမှု ခံယူပြီး အခြေအနေကောင်းပါတယ်။ သူတို့ဘက်က ခုနစ်ယောက်ထက်မနည်း ကျတယ်၊ ခုနစ်ယောက်ဒဏ်ရာရထားတယ်၊ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေ၊ သေဆုံးတွေကို အိမ်စီးကားတွေနဲ့ သယ်ထုတ်သွားတယ်၊ ဒါကတော့ မျက်မြင်တွေ့သူတွေဆီကနေ သိရတာပေါ့" ဟု ABSDF သထုံခရိုင်အလုပ်အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။ 

အဆိုပါ တိုက်ပွဲအပြီး မုပ္ပလင်လမ်းဆုံးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းမှ ပျဉ်းကတိုးကုန်းကျေးရွာ၊ မုပ္ပလင်ကျေးရွာနှင့် အင်္ဂဘိုကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့‌သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ 

ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း၊ စစ်ဆေးရေးဂိတ်တို့အား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် မကြာခဏ ပစ်ခတ်‌တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်အား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး နေရာ၌ပင် သေဆုံးခဲ့ကြောင်း KRF ထံက သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required