စစ်ကောင်စီတပ်၏ စစ်ကြောင်း သတင်းများ ပေးခြင်းဖြင့် အာဏာရှင်အဆုံးသတ်ရေးတွင် ပါဝင်ရန် တိုက်တွန်း 

By 007(မဇ္ဈိမ)
29 July 2023
စစ်ကောင်စီတပ်၏ စစ်ကြောင်း သတင်းများ ပေးခြင်းဖြင့် အာဏာရှင်အဆုံးသတ်ရေးတွင် ပါဝင်ရန် တိုက်တွန်း 

တော်လှန်ရေးအရှိန်မြှင့်နေချိန် စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှု သတင်းများပေးခြင်းဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းပြောဆိုသည်။

နွေဦးတော်လှန်ရေး အမြန်ဆုံး ပြီးမြောက်စေရန်အတွက် ထိုသို့သတင်းများပေးပို့ခြင်းဖြင့် ကူညီကြရန် စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Shwebo Justice Force)တာ၀န်ရှိသူက မဇ္ဈိမကို ပြောသည်။

“အများကြီး မတောင်းဆိုပါဘူး။  ပြည်သူတွေအနေနဲ့၊ လက်ရှိတော်လှန်ရေးကာလမှာ အဆင်ပြေသလိုနေကြပါ။ ကိုယ့်အတွက် ဘာဒုက္ခမှ မဖြစ်စေတဲ့ ကိစ္စလေးတွေကိုတော့ ပူးပေါင်းပေးကြပါလို့ တောင်းဆိုပါရစေ။  အဲဒါဘာလဲဆိုတော့  စစ်ကောင်စီရဲ့တပ်လှုပ် သတင်းတွေကို Page Messenger ကိုပို့ပေးဖို့ပါ။  အဲဒါလေးအကူအညီတောင်းဆိုချင်တာပါ” ဟု Shwebo Justice Force တာ၀န်ရှိသူက ပြောသည်။

သတင်းပေးပို့ခြင်းအားဖြင့် စစ်ကြောင်းဝင်ရောက်နိုင်သည့် ကျေးရွာမှ ဒေသခံများ ကြိုတင်ရှောင်တိမ်းနိုင်မည့် အခွင့်အလမ်းများ ရနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များအတွက်လည်း စစ်နည်းဗျူဟာကြိုတင်တွက်ချက်နိုင်ခြင်းကြောင့် စစ်ရေးတွင်အသာစီးရရှိနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

လက်နက်ကိုင် တော်လှန်ရေးအားကောင်းသော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအပါအဝင် တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် စာသင်ကျောင်းများနှင့် ကျေးရွာများအပေါ် ရုတ်တရက် လေကြောင်း တိုက်ခိုက်မှုများ ကို ပြုလုပ်နေသည်။

မန္တလေးတိုင်းအခြေစိုက် မြနန္ဒာစစ်ဆင်ရေး(မန္တလေး)မှ တာ၀န်ရှိသူတစ်ဦးကမူ စစ်ကောင်စီတပ်၏ မြေပြင်တပ်လှုပ်ရှားမှုနှင့် လေကြောင်း သတင်းများကို ပေးပို့ကြရန် တိုက်တွန်းသည်။

“သတင်းတစ်ခုစီတိုင်းက ရန်သူရဲ့ လှုပ်ရှားမှုကိုသိနိုင်ပြီး ဗျူဟာရေးဆွဲရာမှာ အများကြီး အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။  ထိရောက်တဲ့သတင်းတွေက စစ်ရေးမှာ အသာစီးရစေပါတယ်။  မန္တလေး၊ မတ္တရာ၊ စဉ့်ကူး အစရှိတဲ့မြို့တွေက စကစရဲ့ ရေကြောင်း လေကြောင်းနဲ့ မြေပြင်လှုပ်ရှားမှု တွေကို သတင်းပေးပို့ပြီး တော်လှန်ရေးမှာပါ၀င်ပေးကြပါလို့ တောင်းဆိုပါရစေ” ဟု မန္တလေးတိုင်းအခြေစိုက် မြနန္ဒာစစ်ဆင်ရေး(မန္တလေး)၏ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၆ ရက်နေ့က၊ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်သွားသော  စစ်ကောင်စီတပ်၏ သင်္ဘော ကိုးစီးသည် မြစ်ကမ်းဘေးတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံအချို့ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားများ လက်နက်ခိုင်ခုခံသော တော်လှန်တိုက်ပွဲများ ပြင်းထန်နေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်း စစ်တပ်ကို ဖြုတ်ချရေးနှင့် အာဏာရှင် အဆုံးသတ်ရေး ကြိုးပမ်းနေကြသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly