ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဇော်မြင့်မောင်ကို နေပြည်တော် ဝန်ကြီးများအိမ်ရာသို့ပြောင်းရွှေ့ထား

By မောင်ခက်နွေ (မဇ္ဈိမ)
28 July 2023
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဇော်မြင့်မောင်ကို နေပြည်တော် ဝန်ကြီးများအိမ်ရာသို့ပြောင်းရွှေ့ထား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နေပြည်တော်ရှိ ဝန်ကြီးများအိမ်ရာသို့ စစ်ကောင်စီက ပြောင်းရွှေ့လိုက်ကြောင်း အမည်မဖော်လိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သတင်းရင်းမြစ်တခုကပြောသည်။ 

အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ကို နေပြည်တော်အချုပ်ထောင်မှသည် ဇူလိုင် ၂၄ ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး အသက် ၇၁ နှစ်အရွယ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကို မန္တလေးအိုးဘိုထောင်မှသည် ဇူလိုင် ၂၇ ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းပြောကြားသူကဆိုသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။
  
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ကြိုတင်ကြေညာထားခြင်းမရှိသော ဇူလိုင် ၉ ရက်နေ့ တွေ့ဆုံမှုဖြစ်ခဲ့သည်။ စစ်ကောင်စီ၏ခွင့်ပြုချက်ဖြင့် နေပြည်တော်ထောင်တွင်းတွေ့ဆုံမှုမှာ  ၁ နာရီကျော်ကြာမြင့်ခဲ့သည်ဟု နောက်ပိုင်းတွင် စစ်ကောင်စီကဝန်ခံသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအိမ်ရာတွင် ရွှေ့ပြောင်းထားသည်ဟု ဘီဘီစီမြန်မာပိုင်းအစီအစဉ်က ဇူလိုင် ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ယခုသတင်းနှင့်ပတ်သက်၍ ကြားသိမထားကြောင်း ဗွီအိုအေမြန်မာပိုင်းသို့ ပြောကြားသည်ကိုလည်း တွေ့ရသည်။ 
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ (၂) များဖြစ်ကြသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ကို VIP အိမ်ရာဟုလည်း လူသိများသည့် ဝန်ကြီးဟောင်းများနှင့် စစ်ဗိုလ်ချုပ်ဟောင်းများနေထိုင်ရာ နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ရာဇသင်္ဂဟအိမ်ရာတွင်းသို့ ရွှေ့ပြောင်းထားသည်ဟု ပါတီသတင်းရင်းမြစ်က မဇ္ဈိမသို့ပြောသည်။ ပြောရေးဆိုခွင့်ရှိသူမဟုတ်၍ အမည်ကိုထုတ်ပြောရန် ငြင်းဆန်သည်။
  
“အမေစုကို အခုထားတဲ့အိမ်မှာ ဆက်ထားဖို့ အတည်ဖြစ်သွားပြီ။ အဲ့အနားက နောက်တလုံးမှာ ဒေါက်တာ ဇော်မြင့်မောင် ထားမယ်”ဟု သူက ပြောသည်။ 
 
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့်စွဲဆိုခဲ့ပြီး ၎င်းတို့ထိန်းချုပ်ထားသော တရားရုံးများက ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ကာ ဒေါက်တာဇော်မြင့်မောင်ကို အမှုကိုးမှုစွဲဆိုကာ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့သည်။ ဩဇာရှိ ခေါင်းဆောင်နှစ်ဦးမှာ အကျဉ်းထောင်အသီးသီးတွင် ၁၃ လနှင့် ၁၉ လအသီးသီးနေခဲ့ကြရသည်။ 

နိုင်ငံရေးအသိုင်းအဝိုင်းတွင်လှုပ်လှုပ်ခတ်ခတ်ဖြင့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်လျက်ရှိရာ သတင်းတခုကတော့ သြဂုတ်လ ၁ ရက်နေ့နောက်ပိုင်း သမ္မတဦးသိန်းစိန်ဦးဆောင်သော ကြားကာလ အစိုးရဖွဲ့မည့်အကြောင်းနှင့် တနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဆိုခြင်းလည်းပါသည်။ 

နိုင်ငံတော်သမ္မတလည်းဖြစ်ကာ ပါတီ၏ဒုဥက္ကဋ္ဌ (၁)လည်းဖြစ်သူ အသက် ၇၁ နှစ်အရွယ် ဦးဝင်းမြင့်ကို စစ်ကောင်စီက တောင်ငူထောင်မှ ထုတ်ကာ နေပြည်တော်ရှိ အိမ်ရာတခုတွင် ထားရှိမည်ဟူသော သတင်းများထွက်ပေါ်နေသည်။ သို့သော် အကျဉ်းဦးစီးဌာနမှ သတင်းရင်းမြစ်တဦးကို မဇ္ဈိမမှ ယနေ့ နံနက်ထိ ဆက်သွယ်မေးမြန်းရာတွင် သမ္မတဦးဝင်းမြင့်သည် တောင်ငူထောင်တွင် ရှိနေဆဲဖြစ်သည်ဟုဆိုသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required