အိန္ဒိယက မြန်မာဒုက္ခသည်များကို Biometrics ကောက်ယူမည်

By News Bytes
28 July 2023
အိန္ဒိယက မြန်မာဒုက္ခသည်များကို Biometrics ကောက်ယူမည်
Photo-AFP

အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်လာသူ မည်သူကိုမဆို Biometrics (ဇီဝဆိုင်ရာအချက်အလက်) ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရင်မြစ်များက India Today သတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောသည်။

Biometrics (ဇီဝဆိုင်ရာ အချက်အလက်) ဆိုသည်မှာ လူများ၏ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာနှင့် အမူအကျင့်ဆိုင်ရာ ထူးခြားလက္ခဏာများကို တိုင်းတာစိစစ် မှတ်သားထားသည့် စနစ် ဖြစ်သည်။ စောင့်ကြည်မှုအောက်ရှိ လူများအား မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားသိရှိရန်၊ ဝင်ထွက်သွားလာခွင့် ထိန်းချုပ်ရန်နှင့် ခွဲခြားဖော်ထုတ်ရန်တို့အတွက် ယင်း နည်းပညာစနစ်အား အသုံးပြုသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် ဗဟိုအစိုးရအနေဖြင့် မြန်မာဘက်မှ ဝင်ရောက်လာသူများကို ခွဲခြားဖော်ထုတ်ထားနိုင်မည် ဖြစ်ကာ “သင့်တော်မှု မရှိသည့် biometric စာရင်း” (negative biometric list) တွင် သွင်းထားနိုင်မည်ဖြစ်ပြီး ထိုသို့ စာရင်းသွင်းခံထားရသူများအနေဖြင့် နောက်ပိုင်း၌ အိန္ဒိယနိုင်ငံသား ဖြစ်လာနိုင်မည် မဟုတ်ပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကလေးငယ် ၃၀၀ ကျော် အပါအဝင် မြန်မာနိုင်ငံသား ၇၀၀ ကျော်ထက်မနည်းအား အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းခွင့်ပြုကာ မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်လာခဲ့ကြရာမှ ယခုကဲ့သို့ လုပ်ဆောင်လာခြင်းပဲ ဖြစ်သည်။

၂၀၂၁ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် နယ်စပ်တစ်ဖက်နိုင်ငံများသို့ မြန်မာပြည်သူများ တိမ်းရှောင်ထွက်ပြေးကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုများကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၂၀,၀၀၀ နီးပါး အိန္ဒိယနိုင်ငံတွင် ခိုလှုံနေကြရသည်။

အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ စီးဝင်မှုအတွက် biometric ကောက်ယူခြင်းအပြင် အိန္ဒိယ-မြန်မာ နယ်စပ်ကိုလည်း အပြီးသတ် စည်းရိုးကာနိုင်ရေး လက်ရှိ၌ လုပ်ဆောင်လျက် ရှိသည်။

သတင်းများအရ မီဇိုရမ်-မဏိပူရ်နယ်စပ်၏ ၁၀ ကီလိုမီတာတစ်လျှောက်ကို စည်းရိုးကာထားပြီး ဖြစ်သည်။

အဆိုပါ နယ်စပ်စည်းရိုးကာသည့် စီမံကိန်းအား တာဝန်ယူထားရသည့် ဌာနများကိုလည်း တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် နယ်စပ်တစ်လျှောက် စည်းရိုး အပြီးသတ် ကာနိုင်ရေးကို တိုက်တွန်းထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required