ထိုးစစ် ဆင်နွှဲနေသည့် ပဲခူးတိုင်းမှ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ  စစ်ရေးအရှိန်တိုးမြှင့်မည် 

By ရွှေနွယ်(မဇ္ဈိမ)
28 July 2023
ထိုးစစ် ဆင်နွှဲနေသည့် ပဲခူးတိုင်းမှ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ  စစ်ရေးအရှိန်တိုးမြှင့်မည် 

ပဲခူးတိုင်း စစ်ဒေသသခွဲအတွင်းမှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နွှဲလျက်ရှိပြီး စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း တပ်ရင်းတပ်ဖွဲ့များ၏ တာဝန်ရှိသူများက မဇ္ဈိမကိုပြောသည်။

ခုခံစစ်ဆင်နွှဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်   လက်နက်အင်အားအတန်အသင့် ရရှိလာခြင်းနှင့်အတူ တိုက်ခိုက်စွမ်းဆောင်ရည်တိုးမြင့်လာပြီး ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှ စတင်ကာ ထိုးစစ်ဆင်နွှဲနိုင်ခဲ့ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲ စစ်ရေးဌာနတာဝန်ခံ ကိုသော်မတ်စ်မှ မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ ၂၀၂၂ မှာတုန်းက ချောင်းမြောင်းပြီးမှ ပြောက်ကျားလုပ်ရတာပါ။ ၂၀၂၃ မှာတော့ တဆင့်တက်ပြီးတော့ လက်နက်နဲ့သွားရောက်တိုက်ခိုက်တဲ့ အဆင့်ကိုတော့ တိုးသွားပြီ။ စစ်ရေးဟာ ဘယ်လောက်ရာနှုန်းထိ တိုးလာပါပြီဆိုပြီး ပြောဖို့တော့ခက်တယ်။ သို့ပေမယ့် ၂၀၂၂ မှာ မလုပ်ဆောင်နိုင်ခဲ့တဲ့ စစ်ဆင်ရေးအကြီးကြီးတွေကို ၂၀၂၃ မှာ ပဲခူးတိုင်းအတွင်းလုပ်ဆောင်လာနိုင်တယ်” ဟု ကိုသောမတ်စ်က ပြောသည်။

စစ်ရေးအရှိန်တိုးမြှင့်ရန်အတွက် လိုအပ်နေသည့် မမ လက်နက်များဝယ်ယူနိုင်ရန် "မမအားနဲ့မိစ္ဆာရှင်းဖို့ပဲခူးမြေကိုထောက်ကူစို့"  ကမ်ပိန်းပြုလုပ်နေကြောင်းသိရသည်။ 

"ကျွန်တော်တို့မှာ လက်ရှိ လက်နက်ကြီးမရှိဘူး ။ ကိုယ်တိုင်ထုတ်လက်လုပ် ၄၀ မမတွေပဲရှိတာ။ ဒါတောင်စစ်ကောင်စီတပ်တွေ မကပ်ရဲကြဘူး။ ရင်ဆိုင်တိုက်ပွဲတွေမှာလည်း သူတို့ဘက်က အထိနာကြတယ်။ တကယ်လို့သာ ကျွန်တော်တို့မှာ လက်နက်ကြီးရှိလာမယ်ဆိုရင် မှန်းထားတာထက်ပို လုပ်ဆောင်လာနိုင်မယ်။ နယ်မြေစိုးမိုးနိုင်ဖို့လည်း ဆောင်ရွက်လာနိုင်မယ်။ တော်လှန်ရေးမှာ နောက်ထပ်အရွှေ့တစ်ခုကို ထပ်မြင်လာရမယ်” ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်ဖြည့်တင်းရန် လုပ်ဆောင်နေသည့် ထိုကမ်းပိန်းမှ ၄၅ ရက်အတွင်း ကျပ်သိန်း ၅,၀၀၀ ရရှိနိုင်ရန် မျှော်မှန်းထားသော်လည်း မပြည့်မီသေး၍ နောက်ထပ် ၁၃ ရက် ထပ်မံတိုးထားကြောင်း သိရသည်။ ဇွန်လ ၁၅ ရက်က စတင်ပြုလုပ်ခဲ့သည့် ထိုကမ်ပိန်းတွင် လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး လာမည့် သြဂုတ်လ ၁၃ ရက်တွင် မဲမောက်ပေးသွားမည်ဖြစ်သည်။ 

“လက်နက်လိုအပ်ချက်က တော်တော်ရှိနေပါသေးတယ်။ ဒီကမ်ပိန်းက အဲ့ဒီလိုအပ်ချက်တွေကို စစ်ဆင်ရေးအရ အတော်လေးထိရောက်နိုင်မယ့် ထောက်ပံ့နိုင်မှုကိုလုပ်ဆောင်နိုင်မှာပါ” ဟု ကိုသော်မတ်စ်က ဆိုသည်။

ထိုကမ်ပိန်းမှ ရရှိလာသည့် ငွေများဖြင့်    ပဲခူးတိုင်းစစ်ဒေသခွဲရှိ တပ်ရင်းများဖြစ်သည့်  ပြည်ခရိုင်တပ်ရင်း (၃၆၀၁)၊ (၃၆၀၂)၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊(၃၈၀၂ )၊ တောင်ငူခရိုင်တပ်ရင်း (၃၅၀၁)၊ (၃၅၀၂ ) နှင့် ပဲခူးခရိုင်တပ်ရင်း (၃၇၀၁)၊ (၃၇၀၂) တို့ကို မမ လက်နက်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက “လမ်းအားလုံးနေပြည်တော်သို့" စစ်ဆင်ရေးကို ဆောင်ရွက်နေပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်သို့ ဦးတည်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် ဇွန်လအတွင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။

ပဲခူးတိုင်းသည် မြေမျက်နှာသွင်ပြင်အနေအထားအရ နေပြည်တော်၊ ရန်ကုန်တိုင်းတို့နှင့် ထိစပ်နေသည်။  ထို့ကြောင့် ပဲခူးတိုင်း၏စစ်ရေးအရှိန်သည် တော်လှန်ရေး၏အပြောင်းအလဲတစ်ခုအားဖန်တီးပေးနိုင်စွမ်းရှိလိမ့်မည်ဟု တော်လှန်ရေးအင်အားစုများက သုံးသပ်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly