ဘုတလင်မြို့နယ် ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ

By လွှမ်းမိုး (မဇ္ဈိမ)
28 July 2023
ဘုတလင်မြို့နယ် ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ညောင်းကန်ကျေးရွာ ရှိ အ.က.သ ရုံးကို ဝင်ရောက်စီးနင်းပြီး ညောင်းကန် ၊ ရွာသာ နှင့် ဖျောက်ဆိပ်ကုန်း ကျေးရွာများကို နေအိမ်များကို မီးရှို့ဖျက်ဆီးသည်ဟု ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်း ၄ နာရီ အချိန်မှ စတင်ကာ ညောင်းကန်ကျေးရွာ ရှိ အ.က.သ ရုံးကို ဝင်ရောက်စီးနင်းပြီး နံနက် ၉ နာရီ အချိန်တွင် ညောင်းကန် ၊ ရွာသာ နှင့် ဖျောက်ဆိပ်ကုန်း ကျေးရွာများရှိ နေအိမ် ၂၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဘုတလင်မြို့ပေါ်က စစ်ကြောင်း နှင့် န.မ.ခ က ထွက်လာသည့် စစ်ကြောင်း နှစ်ကြောင်းပေါင်းပြီး စစ်အင်အား ၁၀၀ ခန့်ဖြင့်  ညောင်ကန် ၊ ရွာသာ ၊ ဖျောက်ဆိပ်ကုန်း စတဲ့ ကျေးရွာတွေကို ဝင်ရောက် စစ်ကြောင်းထိုးခဲ့တာ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက မစ္ဈိမကို အခုလိုပြောသည်။

“ ညောင်ကန်ကျေးရွာက နေအိမ် ၁၂ လုံး ၊ ရွာသာကျေးရွာ က နေအိမ် ခုနစ်လုံးနှင့် ဖျောက်ဆိပ်ကုန်း ကျေးရွာက နေအိမ် သုံးလုံး စုစုပေါင်း နေအိမ် ၂၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားတာ ဖြစ်ပါတယ်။ အခုမှ ကျေးရွာအတွင်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်နေတာ ဖြစ်ပါတယ် ” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်က ညောင်ကန်ကျေးရွာအတွင်းရှိ အ.က.သ ရုံးခန်းကို ဝင်ရောက်စီးနင်းပြီး ရဲဘော်ငဘီး ၊ ကြယ်စင် နှင့် ကျွဲကြီးတို့ အပြင် အခြားဒေသခံများကိုလည်း သတ်ဖြတ်သွားကြောင်း ကာကွယ်ရေးရဲဘော်များက ယခုလိုပြောသည်။

“ စစ်ကြောင်းမှာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးပြီး ဓားစာခံအဖြစ် ခေါ်လာတာတွေလည်း ရှိပါတယ်။ ယခုအချိန်ထိ သိထားရတာက အ.က.သ ရဲဘော် သုံးဦး နှင့် အခြားဒေသခံ သုံးဦး သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပါတယ်။ သတ်ဖြတ်ခံရသူတွေ ဒီထက်လည်း ပိုနိုင်တယ်” ဟု ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်တွင် ရွာစဉ်ထိုး လှည့်လည် စစ်ကြောင်းထိုးနေသည့်အတွက် ညောင်ကန် ၊ ရွာဇာ ၊ စိုင်ပြင်လေး ၊ ဖြောက်ဆိပ်ကုန်း ၊ သမန်းတော စတဲ့ ကျေးရွာများမှ ဒေသခံ ပြည်သူ ၅,၀၀၀ ကျော် စစ်ကောင်စီတပ်ရန်မှ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly