လွိုင်ကော်တွင် လက်နက်ကြီးကြောင့်  ၁ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၈ ဦးဒဏ်ရာရ

By 001 (မဇ္စျိမ)
28 July 2023
လွိုင်ကော်တွင် လက်နက်ကြီးကြောင့်  ၁ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၈ ဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက် ညပိုင်းက လွိုင်လင်မြို့အခြေစိုက် စစ်ကောင်စီ ခမရ ၅၃၀ တပ်ရင်း ပစ်ခတ်ခဲ့သည့် လက်နက်ကြီးသည် ဝမ်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး နှင့်  ကလေး တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

၎င်းတို့မှာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ဆေးကုသမှုခံယူနေကြရကြောင်း သိရသည်။

ဇူလိုင်လ ၂၀ရက်က ပဒါးညေးကျေးရွာနှင့် ကုန်းသာကျေးရွာတို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်ရပ်တွင်  ပဒါးညေးကျေးရွာမှ အရပ်သားပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ကုန်းသာကျေးရွာတွင် ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF ကပြောသည်။

ထိုဖြစ်ရပ်များ နှင့်ပတ်သက်၍ KNDF ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍ မရပေ။ 

ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ခုနစ်လတာ ကာလအတွင်း နိုင်ငံတဝန်းစစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ၁၅၇ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly