အလုပ်လိမ်လည်ခံရသည့် နိုင်ငံသားများကို အင်ဒိုနီးရှားသံရုံးက မြဝတီမှ ပြန်လည်ခေါ်ယူ

အလုပ်လိမ်လည်ခံရသည့် နိုင်ငံသားများကို အင်ဒိုနီးရှားသံရုံးက မြဝတီမှ ပြန်လည်ခေါ်ယူ

မြန်မာနိုင်ငံ ပဋိပက္ခ ကြုံကြိုက်နေသည့် မြဝတီတွင် အလုပ်လိမ်လည်ခံရသည်ဆိုသော အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးကို ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးက ဇူလိုင် ၂၅ ရက်တွင် ပြန်လည်ခေါ်ယူကြောင်း ဇူလိုင် ၂၈ ရက်၌ Antara သတင်းဌာနက သတင်းဖော်ပြသည်။

အမျိုးသမီး ငါးဦးနှင့် အမျိုးသား ၂၁ ဦး ပါဝင်သော အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားများသည် မီဒန်၊ မာတာရမ်၊ ဘတ်တမ်၊ ဂျကာတာ၊ ဆင်းကာဝန်၊ ပါလမ်ဘန်းနှင့် လော့ဆမ်မာဝီစသော အင်ဒိုနီးရှား ဒေသများမှ ဖြစ်ကြသည်ဟု သံရုံး၏ ဇူလိုင် ၂၇ ရက် ထုတ်ပြန်ချက်က ဆိုသည်။

ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးသည် မြန်မာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် ပူးပေါင်းကာ အဆိုပါ အလုပ်လိမ်လည်ခံရသူများကို မြဝတီမှ ခေါ်ယူလာခဲ့ခြင်း ဖြစ်သည်။

မြဝတီရဲစခန်းက ၎င်းတို့အား ဘတ်စ်ကားနှင့် တင်ဆောင်လာခဲ့ကာ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် အင်ဒိုနီးရှားသံရုံးသို့ လက်လွှဲပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခု အင်ဒိုနီးရှားနိုင်ငံသားများသည် မြဝတီ၌ အများစု လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်မှု ကုမ္ပဏီများ၌ လုပ်ကိုင်ခဲ့ရသည်ဟု သံရုံးက ဆိုသည်။

၎င်းတို့၌ အများစုသည် ထိုင်းနယ်စပ် မဲဆောက်မှတစ်ဆင့် မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့ ရောက်ရှိရာ ဒေသမှာ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား တော်လှန်ရေးတပ်များကြား တိုက်ပွဲများ ပြင်းထန်နေရာလည်း ဖြစ်သည်။

၎င်းတို့အတွက် ထွက်ခွာခွင့် ပါမစ်ပေးရန် မြန်မာအာဏာပိုင်များအား ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးက မေတ္တာရပ်ခံထားသည်။ ထွက်ခွာခွင့် ပါမစ်သည် လူဝင်မှု ကြီးကြပ်ရေးဥပဒေအား ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေ ပေးဆောင်ရခြင်းမရှိဘဲ ထွက်ခွာနိုင်ခွင့် ရှိခြင်း ဖြစ်သည်။

ယခု အင်ဒိုနီးရှား ၂၆ ဦးတွင် ကိုးဦးက လူကုန်ကူးခံရသူများ ဖြစ်သည်ဟု မြန်မာအာဏာပိုင်များက ဆိုသည်။ ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးတွင် ကျန်ရှိသော ၁၇ ဦးကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်။

၎င်းတို့ အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် သံရုံးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒိုနီးရှား နိုင်ငံသားများ ကာကွယ်ပေးရေး ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

၎င်းတို့ အင်ဒိုနီးရှားဆီ ပြန်ကြရန် စောင့်ဆိုင်းနေစဉ်၌ သံရုံးက ကူညီစောင့်ရှောက်ထားမည် ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly