ကမ္ဘာ့စစ်အသုံးစရိတ် ၂၀၁၅ တွင် မြင့်တက်

ကမ္ဘာ့စစ်အသုံးစရိတ် ၂၀၁၅ တွင် မြင့်တက်

စတော့ဟုမ်း၊ ဧပြီ ၅ ။              ။ လေးနှစ်ကြာကျဆင်းနေသည့် ကမ္ဘာ့စစ်အသုံးစရိတ်သည် ကမ္ဘာ့အနှံ့ တင်းမာမှုများ မြင့်တက်နေခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ် မြင့်တက်လာခဲ့ကြောင်း စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသနအဖွဲ့ SIPRI က ဧပြီ ၅ ရက်၌ အစီရင်ခံစာထုတ်ပြန်သည်။

၂၀၁၅ တစ်နှစ်လုံးအတွက် ကမ္ဘာ့စစ်အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ ထရီယံရှိပြီး ယမန်နှစ်ထက် တစ်ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းသို့ စစ်အသုံးစရိတ်များပြားခြင်းက အရှေ့ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်းတို့တွင် ပို၍ စစ်အသုံးစရိတ် များပြားပြီး အနောက်တွင်မူ အသုံးစရိတ်ကျဆင်းကြောင်း SIPRI အစီရင်ခံစာတွင် ဖော်ပြသည်။

အမေရိကန်နိုင်ငံက စစ်အသုံးစရိတ် အမြင့်မားဆုံးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ ၂၀၁၅ ခုနှစ် အမေရိကန်၏ စစ်အသုံးစရိတ်သည် ယမန်နှစ်ထက် ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၅၉၆ ဘီလီယံရှိသည်။

အမေရိကန်အနေဖြင့် အိုင်အက်စ်အုပ်စုကို စစ်ဆင်သည့် ပင်လယ်ရပ်ခြား စစ်အသုံးစရိတ်များ ထပ်လောင်းသုံးစွဲရ၍ဖြစ်ကြောင်း SIPRI အကြီးတန်းသုတေသနပညာရှင် ဆမ်ပါလိုဖရီးမန်းက ပြောသည်။

ကမ္ဘာ့ဒုတိယစစ်အသုံးစရိတ် အများဆုံးက တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၅ ဘီလီယံ ရှိကာ တရုတ်ပြီးလျှင် ရုရှကိုကျော်၍ ဆော်ဒီအာရေဗျနိုင်ငံက တတိယစစ်အသုံးစရိတ် အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၇ ဒသမ ၂ ဘီလီယံ သုံးစွဲသည်။ ရုရှနိုင်ငံမှာမူ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄ ဘီလီယံ စစ်အသုံးစရိတ်ရှိသည်။

စတုတ္တနှင့် ပဉ္စမစစ်အသုံးစရိတ်အများဆုံး နိုင်ငံများအဖြစ် ဗြိတိန်နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကာ တမန်နှစ်က ပဉ္စမနေရာတွင် ရှိခဲ့သည့် ပြင်သစ်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် သတ္တမမြောက် စစ်အသုံးစရိတ်အများဆုံးနိုင်ငံအဖြစ်သို့ ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly