ကျောင်းသားများသမဂ္ဂ ရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ၃ ဦးအသတ်ခံရ

By MTO (မဇ္ဈိမ)
28 July 2023
ကျောင်းသားများသမဂ္ဂ ရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ၃ ဦးအသတ်ခံရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ ရုံးခန်းကို ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးတို့ ကို သတ်ဖြတ်သွားကြောင် ဗကသများအဖွဲ့ချုပ် မှ ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။

၎င်းက “အသတ်ခံရသူတွေကတော့ ဘုတလင်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူး သုံးဦးကျဆုံးပါတယ်၊ ပြည်သူတွေထဲက ထိခိုက်ကျဆုံးမှု ရှိတယ်လို့လည်း သတင်းကြားရပေမယ့် ဗကသ အနေနဲ့ အတည်မပြုနိုင်သေးပါဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဘုတလင်မြို့မှ နံနက်စောစောအချိန်တွင် ညောင်ကန်ရွာရှိ ဗကသ ရုံးကို နေရာအတိအကျဖြင့် ဝင်ရောက်စီးနင်းသွားခြင်းဖြစ်ပြီး သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဗကသ အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ မနက် ၄နာရီဝန်းကျင်လောက်မှာ ရုံးကို ဝိုင်းထားပြီးမှ သိရတာမျိုးဖြစ်သွားပြီး ရှောင်တိမ်းချိန်မရလိုက်ဘူး၊ ဒါကြောင့်ပဲ သူတို့ ကျဆုံးသွားရတာပါ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်သည် ဗကသ ကို အဓိကထား တိုက်ခိုက်သွားသည့်လုပ်ရပ်ဖြစ်ပြီး တော်လှန်ရေးသမားများကို သတ်ဖြတ်ရုံဖြင့် တော်လှန်ရေးဟာ ရပ်တန့်သွားမှာမဟုတ်ဘူးဟု ဗကသများ အဖွဲ့ချုပ်၏ ဗဟိုအမှုဆောင် က ပြောသည်။

၎င်းက " ဖက်ဆစ်တပ်က သူတို့လုပ်နေကျ ဖက်ဆစ်လုပ်ရပ်မျိုးတွေကို လုပ်သွားတဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့ များများစားစား ပြောစရာမရှိပါဘူး။ သေချာတာက တော်လှန်ရေးသမားကို သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်မှာမဟုတ်ဘူး။ ကျနော်တို့ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်။ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်တဲ့အထိ ဗကသများအဖွဲ့ချုပ်အနေနဲ့ဆက်လက် တိုက်ပွဲဝင်သွားမှာပါ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဘုတလင်မြို့ ဗကသရုံးကို ဝင်ရောက်စီးနင်းပြီးနောက် ရုံးခန်းနေရာ၊ စာသင်ကျောင်းနှင့် အနီးအနား ကျေးရွာများရှိ နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်းသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဗကသများ အဖွဲ့ချုပ်အဖွဲ့ ဝင်  ၁၇ ဦးထိ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

စာတည်း-  သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly