မြင်းမူတွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု ၈ ဦးသေဆုံးဟုဆို

By ပါခွီး(မဇ္စျိမ)
28 July 2023
မြင်းမူတွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု ၈ ဦးသေဆုံးဟုဆို

မြင်းမူမြို့နယ်တွင် ဇူလိုင်လ ၂၇ရက်က  စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း မြင်းမူလင်းယုန်နက်အဖွဲ့ (Black Eagle Defence Force – MMU) က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၇ရက် နေ့လည် ၁၂နာရီခန့်က အင်အား ၅၀ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းကို လက္ကာကျေးရွာမြောက်ဘက်တွင် ဒရုန်းဖြင့်  ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်းမြင်းမူလင်းယုန်နက်အဖွဲ့တာဝန်ခံ ဗိုလ်စံရှားက မဇ္စျိမကိုပြောသည်။

ဒဏ်ရာရသူများကို ကားဖြင့်သယ်ဆောင်လာစဉ် ညနေ ၃နာရီခန့်တွင် အလ္လကပ္ပနှင့် ဝမ်းပြည့်ကျေးရွာကြား၌  ပဒေသာမိုင်းနှစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးထပ်မံသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်းဗိုလ်စံရှားက ဆက်ပြောသည်။ ထို့ကြောင့် ယင်းနေ့တိုက်ခိုက်မှုတွင် စစ် ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးသည်ဟု ဆိုသည်။

ဗိုလ်စံရှားက “ဆေးရုံဆက်မသွားတော့ပဲ အလောင်းတွေသယ်ပြီး သင်္ချိုင်းကိုတန်းသွားပြီး မီးရှို့သွားတယ်” ဟု ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force အဖွဲ့မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ People’s Defence Force Myinmu – MMU PDF တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟုသိရသည်။ 

ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Eagle Defence Force – MMUက ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မဇ္ဈိမအနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေက လက္ကပင်ရွာအနောက်ဘက်ရှိ ရွှေပေါက် ပင်ရွာနှင့်ကျီးကုန်းရွာကို မီးရှို့ခဲ့ကြောင်းသိရသည်။ဒေသခံပြည်သူ ၅,၀၀၀ ခန့်သည် ယနေ့ ဇူလိုင် ၂၈ရက်နေ့လယ်အထိ နေအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းအချို့သည့် ယခုရက်ပိုင်းတွင် စစ်ကိုင်းတိုင်းအတွင်း မြင်းမူမြို့နယ်အပြင် ဘုတလင်၊ ခင်ဦး၊ ကောလင်း၊ ကန့်ဘလူမြို့နယ်တို့တွင်လည်း စစ်ရေးလှုပ်ရှားမှုရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required