YGF ဆက်သွယ်ရေးရုံးခန်း ဝင်စီးခံရ လက်နက်ခဲယမ်း သိန်း ၂,၀၀၀ ဖိုးခန့် ဆုံးရှုံး

By ဂျူချန်း (မဇ္ဈိမ)
28 July 2023
YGF ဆက်သွယ်ရေးရုံးခန်း ဝင်စီးခံရ လက်နက်ခဲယမ်း သိန်း ၂,၀၀၀ ဖိုးခန့် ဆုံးရှုံး
ဓါတ်ပုံ- ဇူလိုင်လ ၆ ရက်နေ့တွင် ဆက်သွယ်ရေးတာဝါတိုင်စခန်းမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်နှင့် YGF ရဲဘော်များ

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတစ်နေရာရှိ ရေးပြောက်ကျားတပ်ဖွဲ့(YGF) ၏ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံးခန်း ဝင်ရောက်စီးနင်းခံရသဖြင့် လက်နက်ခဲယမ်း ကျပ်သိန်း ၂,၀၀၀ ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ရေးပြောက်ကျားတပ်ဖွဲ့(YGF) ၏ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံးခန်းအား ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၇နာရီခန့်တွင် အမည်မသိလက်နက်ကိုင်လူတစ်စုမှ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့သဖြင့် စခန်းအား ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

“ဝတ်စုံအမဲရောင်တော့မြင်ရတယ်၊ ဆုတ်ခဲ့ရတာကအနီးကပ် ပစ်ခံထိလို့၊လက်နက်တွေအကုန်လုံး ကောက်မခင်တာကြောင့်၊ ပြန်ပစ်နိုင်မှုကလည်းနည်းသွားလို့၊ အခုဖြစ်တာက ရှေ့တန်းမှာဖြစ်နေတဲ့ အဖွဲ့မဟုတ်ဘူး။ ရှေ့တန်းရဲ့ ရုံးအဖွဲ့ပါ” ဟု YGF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က မဇ္ဈိမ ကိုပြောသည်။

စခန်းဝင်ရောက် စီးနင်းခံရမှုကြောင့် သေနတ် ၁၁ လက်အပါအဝင်၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး သိန်း ၂,၀၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး ရဲဘော်တစ်ဦး ပေါင်နှင့် လက်တွင် ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အထိ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်ကြားရှိ အလယ်စခန်းအနီးတွင် YGF မှ ရဲဘော်များအပါအဝင် KNLA တပ်ရင်း(၂၇) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၏ ခမရ(၄၀၇)၊ ခလရ(၁၀၄)၊ ခမရ(၄၀၈)၊ ခလရ(၂၈၂) တို့ပါဝင်သည့် အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ရေးမြို့နယ်နှင့် ထားဝယ်မြို့ကြားရှိ မလွဲတောင်အနီးရှိ YGF ရှေ့တန်းစခန်းတစ်ခုအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၁၂ ရက်နေ့တွင် စခန်းအား ပြန်လည်ချဉ်းကပ်ပြီး နယ်မြေရှင်းလင်းရေးလုပ်ရာ ရဲဘော်တစ်ဦး စစ်ကောင်စီထောင်ခဲ့သည့်မိုင်းနင်းမိသဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။

ဇူလိုင်လ ၆ ရက်နေ့ညတွင် YGF နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ မလွဲတောင်အနီး ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းအား စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းအား ဖျက်ဆီးနိုင်ခဲ့ပြီး ရှေ့ထွက်မိုင်းသုံးလုံး၊ M16 ကျည် ၂၁၈ ထောင့်၊ 40mm ကျည် ၂၀လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း(ကပ်သီး) ၁၈ခု၊ ကျည်ဘောက် ၁၀ခု၊ ဖုန်း သုံးလုံး၊ စစ်ယူနီဖောင်းတစ်စုံ နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly