ငွေကြေးတန်ဖိုးကျဆင်းနေချိန်မှာပဲ ပြည်တွင်းစီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာဖို့ စစ်‌ခေါင်းဆောင် မျှော်မှန်း

By မဇ္ဈိမ 
28 July 2023
ငွေကြေးတန်ဖိုးကျဆင်းနေချိန်မှာပဲ ပြည်တွင်းစီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာဖို့ စစ်‌ခေါင်းဆောင် မျှော်မှန်း

မြန်မာငွေကြေးတန်ဖိုးဆက်တိုက်ကျဆင်းခဲ့ပြီး စီးပွားရေးမတည်မငြိမ်ဖြစ်နေပေမယ့် စစ်ခေါင်းဆောင်ကတော့ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်မှာ မြန်မာ့စီးပွားရေး ၄ ရာခိုင်နှုန်း တိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ ဇူလိုင် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

မနှစ်ကဘဏ္ဍာရေးနှစ်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး လက်ရှိဆောင်ရွက်နေတဲ့ ကုန်ထုတ်လုပ်မှုတွေကို အမှန်တကယ်ဆောင်ရွက်နိုင်ရင် စီးပွားရေးက ထပ်မံတိုးတက်မယ် လို့ သူကပြောပါတယ်။

ဒါ့အပြင် နှစ်သောင်းကျပ်တန်ငွေစက္ကူ ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝမဖြစ်ပေါ်နိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အဆိုပါ နှစ်သောင်းကျပ်တန်ငွေစက္ကူဟာ အကန့်အသတ်ဖြင့်သာထုတ်လုပ်ခြင်းဖြစ်ပြီး လက်ရှိမှာလည်း နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက်မရှိတဲ့ အပြင် နိုင်ငံအတွင်း လည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေကြောင်း ပြောကြားခဲ့ပါသေးတယ်။

 နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုအနေအထားသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေကြောင်းသိရပြီး ဘဏ်များမှာလည်း ငွေကြေးအပ်နှံမှုများ များစွာရှိနေကြောင်း စစ်ခေါင်းဆောင်ကပြောပါတယ်။

ငွေတန်ဖိုးကျဆင်းမှု၊ ပို့ကုန်လျော့ကျမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့နည်းကျဆင်းလာမှု စတဲ့စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပေမဲ့  လက်ရှိဘဏ္ဍာရေးနှစ်မှာ နိုင်ငံ့စီးပွားရေး ၄ ရာခိုင်နှုန်းခန့် တိုးတက်မယ်လို့ မျှော်မှန်းထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ပြီး ဘဏ္ဍာငွေသုံးစွဲမှုမှာ ပြည်ပ ချေးငွေများလုံးဝချေးယူခြင်းမရှိဘဲ ပြည်ပထောက်ပံ့ငွေအနေနဲ့လည်း ၂၀၂၂ ခုနှစ် နှောင်းပိုင်းရောက်မှ အနည်းငယ်သာရခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

အာဏာသိမ်းပြီး‌နောက် နှစ်ဆလောက် မြင့်တက်လာတဲ့ ရွှေ၊ နိုင်ငံခြားငွေဈေးနှုန်းနဲ့ အထွေထွေကုန်ဈေးနှုန်းတွေကလည်း ပြည်တွင်းငွေကြေးဖောင်းပွမှုကို မီးမောင်းထိုးပြနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမယ့် နှစ်သောင်းတန် ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်ခံတဲ့ အစိုးရတွေက အသိ အမှတ်ပြုမှာ မဟုတ်တဲ့အပြင် တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြေညာလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဗဟိုဘဏ်က တရားမဝင်ငွေစက္ကူအဖြစ် ဇူလိုင် လ(၂၇) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။ 

တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတာကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေတာဟာ ပြည်သူတွေရဲ့ လုပ်အားနဲ့ ချွေးနဲစာ စုဆောင်းငွေတွေကို တဖက်လှည့်ခိုးယူတာဖြစ်တယ်လို့ လည်းဆိုထားပါတယ်။ 

စစ်ကောင်စီရဲ့ ငွေစက္ကူ ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက် လာနိုင်ပြီး ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly