တိုက်ပွဲများကြောင့် မြန်မာမှ အိန္ဒိယသို့ ဝင်ရောက်လာသူတိုင်းကို လက်ဗွေ မှတ်တမ်းကောက်ယူရန် စီစဉ်နေ

By မဇ္ဈိမ 
28 July 2023
တိုက်ပွဲများကြောင့် မြန်မာမှ အိန္ဒိယသို့ ဝင်ရောက်လာသူတိုင်းကို လက်ဗွေ မှတ်တမ်းကောက်ယူရန် စီစဉ်နေ

မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်လာတဲ့သူတိုင်းကို အစိုးရက ဇီဝအချက်လက်မှတ်တမ်းတွေ ကောက်ယူဖို့ လုပ်နေတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

 ဒီလို အချက်လက်မှတ်တမ်း ကောက်ယူမှုကနေ နောင်မှာ သူတို့ကို အိန္ဒိယနိုင်ငံသားအဖြစ် ခံယူလို့မရအောင် သတ်မှတ်ထားတဲ့ “လက်သင့်မခံသူများ ဇီဝအချက်လက်စာရင်း” - “Negative biometric list” ထဲ ထည့်သွင်းဖို့ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် နိုင်ငံသားအဖြစ် လက်မခံမယ့်စာရင်း ကောက်ယူမှုနဲ့အတူ အိန္ဒိယအစိုးရရဲ့ အိန္ဒိယ-မြန်မာ ၂ နိုင်ငံနယ်စပ်တကြော နယ်စပ်စည်းရိုးကာရံမယ့် စီမံကိန်းကိုလည်း လက်စသတ်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ ချန်ဒဲလ်ခရိုင်သို့ ဇူလိုင်လ ၂၃ ရက်က ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူ ၇၁၈ ဦးအထိ ရှိလာခဲ့ပြီး အဆိုပါ စစ်ရှောင်များမှာ ကလေးသူငယ် ၃၀၁ ဦးနဲ့အမျိုးသမီး ၂၀၈ ဦးပါဝင်ကြောင်း မဏိပူရပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်ရှောင်များဟာ အထောက်အထားမဲ့ ဝင်ရောက်လာသူများဖြစ်တဲ့ အတွက် တရားဝင်နေထိုင်ခွင့်မပေးနိုင်ကြောင်း အိန္ဒိယအစိုးရမှ ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်ခြင်းကို တင်းကြပ်စွာ ကိုင်တွယ်တားမြစ်ရန် ယခင်ကတည်းက အာသံနယ်ခြားစောင့်တပ်ကို ကြိုတင်အသိပေးထားတဲ့အတွက် ယခုကဲ့သို့ စစ်ရှောင် ခုနှစ်ရာကျော်ခန့်ကို ဝင်ရောက်ခွင့်ပေးခြင်းဟာ တရားမဝင်လုပ်ရပ်ကို ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဘက်မှ ရောက်ရှိလာတဲ့ စစ်ရှောင် ခုနှစ်ရာကို အိန္ဒိယအစိုးရက နေရပ်ပြန်ပို့ဖို့အာသံ နယ်ခြားစောင့်တပ်ကို ဖိအားပေးလျက်ရှိကြောင်း သိရပါတယ်။

ပြည်နယ်အစိုးရဟာ အထောက်အထား စာရွက်စာတမ်းမပါတဲ့ မြန်မာနိုင်ငံသားတွေ မဏိပူရထဲ ဝင်မလာနိုင်အောင် နယ်ခြားစောင့်တပ်ကို တင်းတင်းကျပ်ကျပ် အမိန့်ပေးထားပြီး ဒါဟာ အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကိုင်းတိုင်း တမူးခရိုင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမပေါ်မှာရှိတဲ့ ခါမ်းပါတ်မြို့မှာ ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ တိုက်ပွဲပြင်းထန်နေတာပါ။

တိုက်ပွဲကြောင့် ဒေသခံနှစ်ထောင်နီးပါး နီးစပ်ရာကျေးရွာတွေနဲ့ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးနေရတာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်ထဲကို မြန်မာနိုင်ငံသား ၅,၀၀၀ ကျော်နဲ့ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာနိုင်ငံသား ၃၅,၀၀၀ ကျော် ဝင်ရောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြန်မာနဲ့ နယ်စပ်ချင်းကပ်နေတဲ့ မဏိပူပြည်နယ်ထဲမှာလည်း လူမျိုးစု ၂ ခုကြား အဓိကရုန်းတွေ ဖြစ်ပွားနေတာ နှစ်နဲ့ချီနေပြီဖြစ်ပါတယ်။

အခုလို တရားမဝင် လာရောက်သူတွေကြောင့် ကြုံလာရတဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေအပြင် လက်ရှိ ပြည်နယ်တွင်း တရားဥပဒေစိုးမိုးမှုကိုပါ ရိုက်ခတ်လာတာကြောင့် ဒီကိစ္စကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Biren Singh ဦးဆောင်တဲ့ အစိုးရအဖွဲ့က ပြောကြားထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly