မြန်မာအလုပ်သမားဈေးကွက် အခက်အခဲမျိုးစုံနဲ့ စိန်ခေါ်မှုတွေရှိနေဆဲလို့ ILO ပြော

By မဇ္ဈိမ 
28 July 2023
မြန်မာအလုပ်သမားဈေးကွက် အခက်အခဲမျိုးစုံနဲ့ စိန်ခေါ်မှုတွေရှိနေဆဲလို့ ILO ပြော

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ ၂ဝ၂၁ စစ်အာဏာသိမ်းမှုဆိုးကျိုးတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားပြဿနာတွေကို တွေ့ကြုံခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြောကြားလိုက်ပါတယ်။

အလုပ်အကိုင်ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအား ဆက်လက် ကျဆင်းနေပြီး စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ILO က ဇူလိုင် ၂၇ နေ့စွဲနဲ့ထုတ်ပြန်တဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်ဟာ အချို့ကဏ္ဍတွေမှာ အနည်းငယ် တိုးတက်လာပေမဲ့ အလုပ်အကိုင်ဖန်တီးမှုဟာ များပြာလာတဲ့လူဦးရေအတွက် အမီလိုက်နိုင်ခြင်းမရှိတာကြောင့် ၂၀၂၂ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေရဲ့ ၅၄ဒသမ၅ ရာခိုင်နှုန်းပဲ အလုပ်အကိုင်ရရှိတော့ပါတယ်။ 

ဒါဟာ ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၈ဒသမ၂ ရာခိုင်နှုန်း ကျသွားတာပါ။

အဲဒီလို ကျဆင်းသွားတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အလုပ်လုပ်နိုင်တဲ့ လူဦးရေနဲ့ အလုပ်အကိုင်ရရှိမှုအချိုး ဟာ အမျိုးသားတွေထက် နှစ်ဆ ကျဆင်းသွားတာကြောင့် အမျိုးသမီးတွေအပေါ် သက်ရောက်မှု ပိုကြီးတယ်လို့ ILOက ဆိုပါတယ်။

ကြုံရာကျဘန်း အလုပ်လုပ်ရသူတွေပိုများလာတာနဲ့အတူ အလုပ်အကိုင်အရည်အသွေးတွေ ကျဆင်းနေပါတယ်။ 

ကုန်ထုတ်စွမ်းအားတွေလည်းကျဆင်းနေပြီး  ၂၀၂၁ ခုနှစ်အတွင်း ၈ ရာခိုင်နှုန်းကျခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ နောက်ထပ် ၂ ရာခိုင်နှုန်းထပ်ကျပြီး ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ILO ကပြောပါတယ်။

ILO အစီအရင်ခံစာသစ်မှာ "မြန်မာနိုင်ငံက အလုပ်အကိုင်အခြေအနေတွေဟာ ခိုင်မာမှု မရှိသေးသလို၊ အလုပ်သမားတွေဟာလည်း မရေရာတဲ့ အနာဂတ်နဲ့စိန်ခေါ်မှုတွေ အများအပြား ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးဟာ နိုင်ငံနဲ့နိုင်ငံသားတွေအတွက် အသက်တမျှ အရေးပါတဲ့အခြေအနေဖြစ်ပြီး လူမှုရေးတရားမျှတမှုနဲ့ အလုပ်အကိုင်ကောင်းတွေပြန်ရဖို့ အရေးကြီးတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်"လို့ ILO မြန်မာရဲ့ဆက်ဆံရေးအရာရှိ Donglin Li က ပြောထားပါတယ်။

တချို့လုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ပြီးတိုးလာပေမဲ့ လူဦးရေတိုးနှုန်းကိုတော့ လိုက်မမှီသေးကြောင်း ILO က ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ လူဦးရေရဲ့ ၈.၂ ရာခိုင်နှုန်းသာ အလုပ်လိုအပ်ချက်ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်မှာတော့ လူဦးရေရဲ့ ၅၄.၅ ရာခိုင်နှုန်းအထိ အလုပ်လိုအပ်ချက် ရှိနေတာတွေ့ရတာကြောင့် အလုပ်လက်မဲ့နှုန်းက သိသာစွာတိုးလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဟာ ဥပဒေနဲ့စည်းကြပ်မှုအောက်မှာ မရှိတဲ့ လုပ်ငန်းကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်လာရတာကြောင့် အလုပ်အကိုင်အရည်အသွေးတွေလည်း ကျဆင်းလာတယ်လို့ ILOရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ အထိ သုံးနှစ်အတွင်း အလုပ်လက်မဲ့နှုန်း သုံးရာခိုင်နှုန်းကျော်အထိ တိုးလာတယ်လို့ ဆိုပါတယ်။

စစ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းဟာ တစ်ရာခိုင်နူန်းအောက်မှာသာ ရှိနေခဲ့ပေမယ့် အာဏာသိမ်းအပြီး နှစ်ပိုင်းအတွင်း အဆမတန်တိုးမြင့်လာတဲ့အပေါ် စိတ်ပျက်ရတယ်လို့လည်း အလုပ်သမားရေးရာ စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

မြန်မာနိူင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းတွေ ရပ်ဆိုင်းတာ၊ လုပ်သားအင်အား လျှော့ချလိုက်တာတွေကြောင့် အလုပ်လက်မဲ့ဦးရေ တသန်းခွဲကျော်အထိ ရှိလာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ရဲ့ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းက ထုတ်ပြန်ထားချက်အရသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required