“မင်းအောင်လှိုင်” အမည်ကို အသုံးပြု ဟာသရိုက်သည့် ဆယ်လီ ဇော်ဝင်းမောင် ဖမ်းဆီးခံရ

By 007 (မဇ္ဈိမ)
27 July 2023
“မင်းအောင်လှိုင်” အမည်ကို အသုံးပြု ဟာသရိုက်သည့် ဆယ်လီ ဇော်ဝင်းမောင် ဖမ်းဆီးခံရ
ဓာတ်ပုံ- Tik Tok ဆယ်လီဇော်ဝင်းမောင်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမည်ကို အသုံးပြုပြီး ဟာသရိုက်ကူးခဲ့သည့် မန္တလေးမြို့က နာမည်ကြီး Tik Tok ဆယ်လီဇော်ဝင်းမောင်ကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ၂၆ရက် ညနေပိုင်းတွင်  ဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

ဇော်ဝင်းမောင်သည် မန္တလေးမြို့၊ မဟာအောင်မြို့နယ်၊ လမ်း ၄၀ နှင့် ၈၂ လမ်းထောင့်ရှိ ၎င်း၏ တက်တူးဆိုင်တွင် ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်သည်။

"စစ်သားရော၊ ရဲရော အင်အား နှစ်ဆယ်ကျော်လောက်နဲ့ ဝင်ဖမ်းတယ်၊ ဘာလို့ဖမ်းတယ်ဆို တာသိတယ်၊ ဘာပုဒ်မတပ်ထားလဲ ဘယ်ကိုခေါ်သွားလဲတော့ မသိရသေးလို့ သူ့အမေက စိတ်တ အားပူနေတယ်" ဟု ဇော်ဝင်းမောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော ဇော်ဝင်းမောင် အပါအဝင် လူငယ်လေးဦး ပါဝင်ရိုက်ကူး ထားသော ၄၆ စက္ကန့်ရှိ ဟာသရုပ်သံဖိုင်တွင် ဇော်ဝင်းမောင်က တစ်ဘက်လူငယ်ကို “မင်းနာမည် ဘယ်လိုခေါ်လဲ” ဟု မေးမြန်းရာ တစ်ဘက်လူငယ်က “မင်းအောင်လှိုင်ပါ” ဟု ဖြေကြားပြီးနောက် ဇော်ဝင်းမောင်က အဆိုပါလူငယ်ကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်ကို တွေ့ရသည်။

ယင်းနောက် ဇော်ဝင်းမောင်က “မင်းနာမည်ပြောင်းလိုက်နော်” ဟု ပြောပြီး အဆုံးသတ်ထားသော ထိုရုပ်သံဖိုင်သည် စစ်အာဏာသိမ်းပြီး အစောပိုင်းကာလက ဟာသတစ်ခုအနေဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

ထိုဟာသရုပ်သံတိုသည် ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်မှာ ထပ်မံပျံ့နှံ့လာပြီးနောက် စစ်ကောင်စီသတင်းကို ဝါဒဖြန့်နေသည့် “ဟန်ငြိမ်းဦး” တယ်လီဂရမ်ချန်နယ်က ဇော်ဝင်းမောင်ကို ဖမ်းဆီးရန် ဇူလိုင်လ ၂၆ ရက်နေ့ညပိုင်းတွင် လှုံ့ဆော်မှုများ ရှိခဲ့သည်။

ယင်းနောက် နာရီပိုင်းအကြာတွင် စစ်ကောာင်စီ၏ လက်နက်ကိုင် စစ်သားများနှင့် ရဲများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။

"အဲဒီ Tik Top က အာဏာသိမ်းပြီးခါစတုန်းက လွှင့်ခဲ့တာကြီးပါ။ အဲဒါကို တစ်ယောက်ယောက်ကပြန်ဖော်ပြီး ဟန်ငြိမ်းဦးအကွက်ထဲ ထိုးထည့်သွားတာပါ။ အချင်းချင်းချောက်တွန်းခံလိုက်ရတာပါ" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

Tik Top ဆယ်လီဇော်ဝင်းမောင်သည် စစ်တပ် အာဏာမသိမ်းခင်ကတည်းက  ဆိုရှယ်မီဒီယာတွင် ဟာသဇာတ်လမ်းတိုများဖြင့် နာမည်ကြီးလာသူတစ်ဦး ဖြစ်သည်။

လက်ရှိမှာ ဇော်ဝင်းမောင်ကို စစ်ကောင်စီက မည်သည့်ပုဒ်မဖြင့်အရေးယူထားပြီး မည်သည့်နေရာတွင်ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးပေ။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လူပေါင်း ၂၄,၀၀၀ ကျော်သည် စစ်ကောင်စီ၏ အကျဉ်းထောင်များတွင် ဖမ်းဆီးအကျဉ်းချခံခဲ့ရကြောင်း လွတ်လပ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly