တရုတ်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ရန် အိန္ဒိယက  လမ်းဖွင့်ထား ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီး  ပြောကြား

တရုတ်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ရန် အိန္ဒိယက  လမ်းဖွင့်ထား ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီး  ပြောကြား

တရုတ်နှင့် နယ်နိမိတ်ချင်း တင်းမာနေသော်လည်း အိန္ဒိယသည် တရုတ်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ရန် လမ်းဖွင့်ထားကြောင်း အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီး ရာဂျစ် ချန်ဒရာ ဆိခါ က Financial Times သို့ ပြောကြားသည်။

"အိန္ဒိယက တရုတ်ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ဖို့ လမ်းဖွင့်ထားသလား" ဟု Financial Times က ချန်ဒရာ ဆိခါ ကိုအင်တာဗျူးတစ်ခုတွင်မေးမြန်းခဲ့ရာ "ဟုတ်ပါတယ်။ ကျွန်တော်တို့ လမ်းဖွင့် ထားပါတယ်” ဟု ၎င်း က ဖြေကြားသည်။

“စီးပွားရေးလုပ်ငန်းတွေကို တရားဝင်ရင်းနှီးမြှုပ်နှံပြီး အိန္ဒိယဥပဒေနဲ့အညီ လိုက်နာနေသရွေ့ ဘယ်ကုမ္ပဏီနဲ့ မဆို စီးပွားရေးလုပ်ကိုင်ဖို့ ကျွန်တော်တို့ ပွင့်လင်းမြင်သာစွာ လမ်းဖွင့် ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“တရုတ်အပါအဝင် ရင်းနှီးမြုပ်နှံမှုအားလုံးကို ကျွန်တော်တို့က လမ်းဖွင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ ဦးဆောင်သော အစိုးရသည် အိန္ဒိယ၏ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်ရန် ကြိုးပမ်းနေချိန်၌ပင် ချန်ဒရာ ဆီခါ ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် တရုတ်ကုန်ပစ္စည်းများသည် ကဏ္ဍအသီးသီးတွင် အရေးပါရုံသာမက အချို့သောနေရာများတွင် အိန္ဒိယထုတ်လုပ်သူများအနေဖြင့် “ဦးစားပေး”ထား ကြောင်း တွေ့ရှိရသည်။

အိန္ဒိယ စစ်တပ်မှ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အမှုထမ်း ၂၀ ထက်မနည်း သေဆုံးခဲ့သည့် ၂၀၂၀ ဂေါဝမ် တောင်ကြားဖြစ်ရပ်ပြီးနောက် အိန္ဒိယသည် TikTok၊ WeChat နှင့် Cam Scanner အပါအဝင် တရုတ်အက်ပ်အများအပြားကို ပိတ်ပင်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ၄၅ နှစ်တာအတွင်း တရုတ်နိုင်ငံနှင့် အဆိုးရွားဆုံး နယ်စပ်တိုက်ပွဲဖြစ်ပြီး နှစ်နိုင်ငံကြား လပေါင်းများစွာကြာသော စစ်ရေးတင်းမာမှု များ ဖြစ်စေခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေး အေးခဲနေသော်လည်း အိန္ဒိယသည် တရုတ်သွင်းကုန်များအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်နိုင်ခြင်း မရှိပေ။

“အိန္ဒိယသည် ယခုအခါ နယ်နိမိတ်ချင်းထိစပ် နေသော အိမ်နီးချင်း နိုင်ငံများမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ မူဝါဒကို တင်းကျပ်ထားပြီး ဗဟိုအစိုးရ၏ခွင့်ပြုချက်ရယူရန် လိုအပ်” ကြောင်း Financial Times က ဖော်ပြထားသည်။

ချန်ဒရာ ဆီခါ က အဆိုပါ လုပ်ငန်းစဉ်သည် တရုတ်နိုင်ငံကို သီးခြား ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နှင့် နီပေါ အပါအဝင် အခြားသော “အိမ်နီးနားချင်းနိုင်ငံများ” တွင် လည်း ကျင့်သုံးနေကြောင်း ဆိုသည်။ 

“စိတ်ချရလောက်တဲ့ ကွန်ပြူတာ အစိတ်အပိုင်းတွေ၊   စက်ပစ္စည်းတွေ၊ အီလက်ထရွန်းနစ်ဂေဟစနစ် အားလုံးဟာ ယခုအခါမှာ အသုံးများလာခဲ့ပါပြီ” ဟု ၎င်းက ဆိုသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှု (FDI) များအပေါ် အိန္ဒိယ၏ ကန့်သတ်ချုပ်ချယ်မှုများကြောင့်လည်း ယခုကဲ့သို့ မေးခွန်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ တရုတ် FDI လျှောက်ထားမှု ၅၈ ခုကို ပယ်ချခဲ့ကြောင်း Business Today က ဖော်ပြခဲ့သည်။

တရုတ်ထံမှ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် ၃ ခုသာ အိန္ဒိယ က လက်ခံ စဉ်းစားခဲ့ကြောင်း ဆိုသည်။ 
ထို့အပြင် ပြည်တွင်းကုမ္ပဏီ ၁ ခုနှင့် ပူးပေါင်း၍ ဒေါ်လာ ၁ ဘီလီယံလျှပ်စစ်ကားစက်ရုံတည်ဆောက်ရန် တရုတ်ကားထုတ်လုပ်သူ BYD Co. ၏ အဆိုပြုချက်ကို အိန္ဒိယက ပယ်ချခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။

ပယ်ချခံရသော အဆိုပြုချက်အပေါ် အစီရင်ခံတင်ပြထားသော်လည်း အခြေအနေနှင့် ပတ်သက်၍ တိုက်ရိုက်သိသူတစ်ဦးက လျှောက်လွှာများ “ဆိုင်းငံ့ထားဆဲဖြစ်” ကြောင်း Financial Times သို့ ပြောကြားခဲ့သည်။

Apple ကုမ္ပဏီ ထံ တရုတ်ပစ္စည်းတင်သွင်းသူ Luxshare ကုမ္ပဏီ သည် အိန္ဒိယနိုင်ငံတွင် ပြည်တွင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် စက်ရုံတည်ဆောက်ရန် ခွင့်ပြုချက်လျှောက်ထားခဲ့ကြောင်း ကုမ္ပဏီနှင့် အိန္ဒိယအစိုးရအရာရှိများနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ Financial Times က ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းကို အတည်မပြုရသေးကြောင်း အိန္ဒိယ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly